Home
မြန်မာသတင်း
မံစီမြို့နယ်အတွင်း ပစ်ခတ်မှုများကြောင့် ဒေသခံ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
September 25, 2015
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင်း ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော် နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ဒေသခံတွေ သေကျေဒဏ်ရာရခဲ့ ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က ပစ်ခတ်မှုမှာ  ဈေးသည် လင်မယား ၂ ဦး နဲ့ လူရွယ်တစ်ဦးေ သဆုံးပြီး စက်တင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ပစ်ခတ်မှုမှာတော့   ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့  ထိခိုက်ဒဏ်ရာရခဲ့တယ်လို့  မံစီမြို့နယ် မိုင်းခေါင် ကချင် နှစ်ချင်းခရစ်ယန်အသင်းအဖွဲ့ချုပ် နဲ့  စစ်ပြေးဒုက္ခသည်စခန်းတာဝန်ခံ ဆရာဦးတမော်နော်မိုင်းက ဒီဗွီဘီကို ပြောပါတယ်။ “စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီကျော်က အစိုးရတပ်က ဗန်းမော်ဘက်ကနေတက်လာတယ်။ မိုင်းခေါင်ရွာနဲ့ မန့်ဝိန့်လေးရွာကြားမှာ ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ မိုင်းခေါင်ဘက်ကို ဆိုင်ကယ်စီးပြီး  ဈေးသွားရောင်းမယ့် လင်မယား ၂ ယောက်နဲ့ လူရွယ်တယောက် မိုင်းစထိမိပြီး သေသွားတယ်ခင်ဗျ။ အဲတုန်းက ကျနော်က ဗန်းမော်သွားမလို့ တံတားထိပ်ရောက်နေပြီ သေနတ်သံကြားလို့ ပြန်လှည့်လာတာ။ သူတို့လင်မယားက မိုင်းခေါင်မရောက်ခင် ပန်ဆတ်ရွာမှာ ၀င်နားသေးတယ်။ ရာအိမ်မှူးက အခြေအနေမကောင်းလို့ မသွားနဲ့လို့ပြောတာကို ဘာမှမဖြစ်ပါဘူးဆိုပြီး သွားလိုက်တာတဲ့၊ သူတို့ အလောင်းကို စစ်တပ်မှာထားတာ မနေ့မနက်က ကျနော်ဖြတ်သွားရင်းတွေ့ခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေလည်းရှိတယ်လို့ ကြားတယ် ။ ဒါပေမယ့် ကျနော်တော့ မမြင်ရဘူး ” ဒါ့အပြင် စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာလည်း မံစီမြို့နယ် ကောင်းလိန်ရွာဘက်မှာ ပစ်ခတ်မှုဖြစ်ပြီး အစိုးရတပ်ဘက်က ပစ်လိုက်တဲ့ ၄၀ မမ လက်နက်ကြီးအစဟာ ရွာထဲက အိမ် ၂ အိမ်ကို ထိမှန်သွားတာကြောင့် အိမ်ထဲက ဘုရားစင်အောက်မှာရှိနေတဲ့ အသက် ၂ နှစ်ရွယ် ကလေးနဲ့ အခြားတအိမ်က အသက် ၅၀ ကျော် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့  သူက ဆက်ပြောပါတယ် ။ “မနေ့က အဲဒီထိခိုက်တဲ့သူတွေကို ကျနော်သွားကြည့်တယ်။ ကလေးက လည်ပင်းအောက် ပခုံးမှာ ဒဏ်ရာရတယ်။ ဒဏ်ရာက နည်းနည်းကြီးတော့ ဗန်းမော်ဆေးရုံကို ပို့လိုက်ပြီ၊ အမျိုးသမီးကတော့ လက်မှာထိတယ် ဒဏ်ရာသိပ်မကြီးလို့  အိမ်မှာပဲ ကုတယ်။” ခုရက်ပိုင်းအတွင်း သေဆုံးဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး မံစီဒုက္ခသည်စခန်းကနေ ပြန်လာတဲ့ ဒီင်္ဗွီဘီသတင်းထောက်ကတော့ သေဆုံးသူတွေဟာ ဦးစံရွှေမြင့်အသက် (၃၀) နှစ် မကုလားမ ( ၂၈ ) နှစ် နဲ့ ဇော်မင်းခိုင်  (၂၄)နှစ်တို့ ဖြစ်ပြီး အခြားသူ  ၃ဦး ပါ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ် ။ ဒီကနေ့ မွန်းလွဲ တစ်နာရီခွဲလောက်မှာလည်း မိုင်းခေါင်အရှေ့ဘက် တမိုင်ကျော်ဝေးတဲ့ လိုက်ကာဇွတ်ဂျာကျေးရွာဘက်မှာ သေနတ်သံတွေ ထပ်ကြားနေရတဲ့အတွက် ရွာသားတွေကြား ထိတ်လန့် မှုတွေ ရှိနေတယ်လို့  ဦးတမော်နော်မိုင်းက ပြောသွားပါတယ်။ မံစီမြို့နယ်ထဲမှာ အစိုးရတပ်ကို မူးယစ်ဆေးဝါးရောင်းဝယ်မှု သတင်းပေးနေတဲ့ လူ ၃ ဦးကို ကေအိုင်အေက ဖမ်းဆီးလိုက်ရာက အစိုးရတပ်ဘက်က ထိုးစစ်ဆင်လာပြီး ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတာလို့ ဆိုပါတယ်။ အခုပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တပ်မတော်ဘက်နဲ့ ကေအိုင်အေဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ ပြီးခဲ့တဲ့အပတ် စက်တင်ဘာလ ၂၁ ရက်နေ့က  လိုင်ကဇွပ်ရွာအနီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အဲဒီက ရွာသားပေါင်း ၄၀၀ ကျော် ပိတ်မိနေပြီး တချို့က မိုင်းခေါင်စစ်ပြေး ဒုက္ခသည်စခန်းဘက်ကို ခိုဝင်ခဲ့ကြပါတယ်။ ကေအိုင်အေဟာ လက်ရှိ အစိုးရနဲ့ တပြည်လုံး အပစ်ခတ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ ဆွေးနွေးပြင်ဆင်နေကြတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ ၀င်လည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024