လုံခြုံရေးများကို ကျော်ဖြတ်ပြီး ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ခွင့်တောင်းသည့် ၅ နှစ်အရွယ် ကလေးမ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးကို အသက် ၅ နှစ်အရွယ် မိန်းကလးငယ်တဦးက လုံခြုံရေးအရံအတားကို ကျော်ဖြတ်ပြီး ပုပ်ရဟန်းမင်းနဲ့ တွေ့ဆုံကာ အမေရိကန်လူဝင်မှုဥပဒေပြုပြင်ပြောင်းလဲရေး မေတ္တာရပ်ခံပေးဖို့  တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ၀ါရှင်တန်မြို့တော်မှာ ပုပ်ရဟန်းမင်းကြီးက ယာဉ်တန်းနဲ့ သွားနေချိန် မိန်းကလေးငယ်က လုံခြုံရေးတွေကို ကျော်ဖြတ် တွေ့ခွင့်တောင်းခဲ့တာ ဖြစ်ပြီး အမေရိကန်လုံခြုံရေးအာဏာပိုင်တွေ ဟန့်တားခဲ့ပေမယ့် ပုပ်ရဟန်းမင်းကြီးက သူဆီလာခွင့်ပေးခဲ့တာပါ။ အသက် ၅ နှစ်အရွယ် မက္ကဆီကိုမိဘနှစ်ပါးက ဖွားမြင်သူ ဆိုဖီခရုခ်ဟာ အမေရိကန်နိုင်ငံသား ဖြစ်ပေမယ့် မိဘတွေကတော့ အမေရိကန်နိုင်ငံကို တရားမ၀င်ပြောင်းရွှေ့နေထိုင်သူတွေ ဖြစ်နေပါတယ်။ လက်ရှိ အမေရိကန်လူဝင်မှုဥပဒေကြောင့် သူ့မိဘတွေကို သူနဲ့ ခွဲပြီး မက္ကဆီကိုနိုင်ငံ ပြန်ပို့မှာ စိုးရိမ်ကြောက်ရွံတယ်လို့ ပြောဆိုပါတယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကို သမ္မတ အိုဘားမားနဲ့ တွေ့ဆုံတဲ့အချိန်နဲ့ အမေရိကန်လွှတ်တော်မှာ သြ၀ါဒစကားပြောချိန်မှာ သူရဲ့ မိဘလို ပြောင်းရွှေ့အခြေချသူတွေကို အမေရိကန် နိုင်ငံက တရားဝင်လက်ခံပေးဖို့ တောင်းဆိုခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးနဲ့ လူမျိုးပေါင်းစုံကလေးတွေ လက်တွဲထားတဲ့ အရုပ်ကားချပ်လေးကိုလည်း ပုပ်ရဟန်းမင်းကို ပေးအပ်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကတော့ အမေရိကန်နိုင်ငံကို လာရောက်အခြေချနေထိုင်သူတွေဟာ အမေရိကန် တောင်ပိုင်းမှာ သူတို့ရဲ့ အိမ်ရာအဖြစ် ထူထောင်လိုသူတွေဖြစ်တဲ့အတွက် အမေရိကန်အစိုးရက အရေအတွက်နဲ့ ကန့်သတ်တာမျိုး မရှိသင့်ဘူးလို့ ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up