မက္ကာဘုရားဖူး ၇၀၀ ကျော် တိုးကြိတ်နင်းမိ သေဆုံး

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ဟဂ်ျဘုရားဖူးသူတွေ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က တိုးကြိတ် နင်းမိကြရင်း စက်တင်ဘာ ၂၅ ရက် ဒီနေ့အထိ ဘုရားဖူး အနည်းဆုံး ၇၁၇ ယောက် သေဆုံးသွားပြီလို့ ဆော်ဒီအာဏာပိုင်တွေက ကြေညာပါတယ်။
ဒါဟာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံး လူနင်းမိမှုပါ။ ဘုရားဖူး ၂ သန်းလောက် မက္ကာမြို့ကနေ မီနာမြို့မှာ ကျောက်တုံး ပစ်ဖို့အသွား အခုလို တိုးကြိတ် နင်းမိကြတာဖြစ်ပြီး ဘုရားဖူး အနည်းဆုံး ၈၀၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိကြတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံ ၄ ခုမှာ အရေးပေါ် ဆေးကုသမှုတွေပေးထားပါတယ်။ ပြီးခဲ့တဲ့လက ဒီဟဂ်ျဘုရားပွဲအတွက် ပြင်ဆင်ချိန်ကာလမှာလည်း ဆောက်လုပ်ရေးဝန်ချီစက် ပြိုကျခဲ့လို့ ဘုရားဖူး ၁၀၀ ကျော် သေဆုံးခဲ့ပါသေးတယ်။
ဆော်ဒီအရေးပေါ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၄၀၀၀ ကျော် အခင်းဖြစ်ပွားတဲ့နေရာကို စေလွှတ်ထားပြီး အရေးပေါ်ကယ်ဆယ်ရေးဌာန ၂၂၀ ကျော်လည်း ဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး ညွန်ကြားရေးမှူးရုံးက ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ နိုင်ငံစုံက ဖြစ်ပြီး သေဆုံးသူဦးရေထပ်တက်လာဖို့ ရှိတယ်လို့ အာဏာပိုင်တွေက ပြောဆိုပေမယ့် အသေးစိတ်တော့ မထုတ်ပြန်သေးပါဘူး။
ဘုရားဖူးလမ်းကြောင်း ၂ ခု ဆုံတဲ့နေရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဘုရားဖူးတွေ သတ်မှတ်ပေးထားတဲ့ အချိန်ဇယားအတိုင်း မသွားရောက်ကြလို့ အခုလိုဖြစ်ရတာလို့ ဆော်ဒီကျန်းမာရေးဝန်ကြီးက ပြောဆိုပါတယ်။
မက္ကာကနေ မီနာကို ၃ မိုင်အကွာ လမ်းလျှောက်သွားရောက်တဲ့အစီအစဉ်ဟာ စီမံခန့်ခွဲမှု လိုအပ်နေသေးတယ်လို့ ဆော်ဒီဘုရင်က ပြောဆိုပါတယ်။
အခုလိုဖြစ်ရပ်မျိုးတွေကို မဖြစ်အောင် သွားရောက်ရာလမ်းကြောင်းတွေ စနစ်တကျ ဖြစ်ဖို့ ဆော်ဒီအာဏာပိုင်တွေက အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ရင်းနှီးသုံးစွဲခဲ့ပြီးလည်း ဖြစ်ပါတယ်။
အခုလိုအချိန်မှာ တနှစ်ကို တကြိမ်သွားရောက်ကြတဲ့ ဟဂ်ျဘုရားဖူးခရီးစဉ်ဟာ အစ္စလာမ် ဘာသာဝင်တိုင်း တတ်နိုင်ရင် တသက်မှာ အနည်းဆုံးတကြိမ်တော့ သွားရောက်ကြတဲ့ ဘာသာရေး ခရီးစဉ် ဖြစ်ပါတယ်။