ထိုင်းရှိ လူကုန်ကူးခံ ရိုဟင်ဂျာ ဒုက္ခသည်များကို အမေရိကန်သို့ ပို့ရန် ပြင်ဆင်

ဓာတ်ပုံ - အေအက်ဖ်ပီ
1.2K
ထိုင်းနိုင်ငံဟာ လူကုန်ကူးခံ ဒုက္ခသည် ရိုဟင်ဂျာ မွတ်စလင်တွေကို အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံစုံကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေပါတယ်။
အစ္စလာမ်ဘာသာဝင်များရဲ့ အထွတ်အမြတ် ဘာသာရေးကာလ အိဒ် အလ် အဒ်ဟာ ပွဲတော်ရက်ဖြစ်တဲ့ စက်တင်ဘာ ၂၄ ရက် ကြာသပတေးနေ့မှာတော့ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးရာဝန်ကြီး အဒူလ် ဆဲင်ဆင်းကယောက်က ဘန်ကောက်မြို့မြောက်ဘက် ပထုံဌာနီခရိုင်က လူကုန်ကူးခံရသူ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အမျိုးသား သီးသန့်ထားတဲ့ အဆောင်ထဲမှာ ရိုဟင်ဂျာမွတ်စလင် ၂၉ ဦးရှိပြီး အဲဒီအထဲက ၁၃ ဦးကို အမေရိကန်ပြည်ထောင်စုကို ပို့ပေးမှာ ဖြစ်တယ်လို့ အဒူလ်က ပြောပါတယ်။
အားလုံးကို စစ်ဆေးရှင်းလင်းတာတွေ လုပ်ပြီး ဖြစ်ပြီး လူကုန်ကူးခံရတဲ့သူ ၁၉၀ လောက် ရှိပြီး ၁၃၅ ဦးကတော့ သူတို့ရဲ့ မူရင်းနိုင်ငံတွေဆီ ပြန်ပို့ဖို့အတွက် စောင့်နေကြတယ်လို့ ၀န်ကြီးက ပြောပါတယ်။
သူတို့တွေအတွက် အစစအရာရာ ပြင်ဆင်မှုတွေ လုပ်ပေးထားပြီးတော့ အခု သူတို့တွေကို ပြည်ပ မပို့ဆောင်ခင်မှာ ၀န်ကြီးက စိတ်ဓာတ်မြှင့်တင်ရေး အားပေးမှုတွေ လာလုပ်တာပါလို့ လူကုန်ကူးခံရသူတွေအတွက် ကာကွယ်စောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူး ပွန်ဆက် ချူချွမ်ကလင်န်က ပြောပါတယ်။
သူတို့ဝန်ကြီးဌာနအနေနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကနေ လူ ၃၀၀ ကျော်ကို လက်ခံထားခဲ့တယ်လို့ အဒူလ်က ပြောပါတယ်။
သူတို့တွေကို ဆူရတ်နဲ့ ဆုန်ခလာ စတဲ့ တောင်ဘက်ခရိုင်တွေနဲ့ မြောက်ဘက်က ချင်းရိုင်းခရိုင်တွေ အပါအ၀င် နိုင်ငံတ၀ှမ်းက စောင့်ရှောက်ရေးစခန်းတွေမှာ ထားရှိခဲ့တာ ဖြစ်ပါတယ်။