Home
ရုပျသံ
အပြေးပြိုင်ပွဲတွင် စံချိန်ချိုးသည့် အသက် ၁၀၅ နှစ်အရွယ် ဂျပန်အဘိုးအို
DVB
·
September 25, 2015
ဂျပန်နိုင်ငံရဲ့ အသက်အကြီးဆုံး အပြေးသမား ဟိဒဲကိချိ မိယာဇာကီဟာ သူ့အသက် ၁၀၅ နှစ်ပြည့်မြောက်ခဲ့ပြီး နောက်တနေ့မှာပဲ ကျိုတိုမာစတာ ဆောင်းဦးရာသီ အားကစားပြိုင်ပွဲမှာ သူ့ရဲ့ ကမ္ဘာ့စံချိန်ဟောင်းကို ပြန်ချိုးခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က ကျိုတိုမြို့ နီရှိကျိုဂိုကူ အားကစားကွင်းမှာ ကျင်းပတဲ့ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ အဘိုး မီယာဇာကီက ၄၂ ဒသမ ၂၂ စက္ကန့်နဲ့ အပြေးစံချိန် ပြန်တင်ခဲ့တာပါ။ သူ အပြေးလေ့ကျင့်တုန်းက ၃၆ စက္ကန့် ရခဲ့တယ်၊ နောက်ထပ် စက္ကန့်နည်းနည်းလောက်ပဲ လိုတော့တာလို့ ပြေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ သူ့အသက် ၁၀၃ နှစ်တုန်းက ၃၄ ဒသမ ၁၀ စက္ကန့်နဲ့ တင်ထားခဲ့တဲ့ စံချိန်ကိုတော့ မချိုးနိုင်ခဲ့ပါဘူး။ ဂျမေကာက ကမ္ဘာ့အပြေးချန်ပီယံ အူစိန် ဘော့ကို အတုခိုးပြီး ဂိုးလ်ဒင်းဘော့လို့ ခေါ်ကြတဲ့ အဘိုး မီယာဇာကီက ဂင်းနစ် ကမ္ဘာ့စံချိန်ထဲက ကမ္ဘာ့အပြေးအမြန်ဆုံး လူသားကို စိန်ခေါ်မယ့် အခွင့်အရေးကို စောင့်မျှော်နေတယ်လို့ ပြောပါတယ်။ အဘိုး မီယာဇာကီထက် ၇၆ နှစ်ငယ်တဲ့ အသက် ၂၉ နှစ်အရွယ် အူစိန်ဘော့ဟာ ၂၀၀၉ ခုနှစ်က ဘာလင်မှာ ကျင်းပခဲ့တဲ့ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉ ဒသမ ၅၈ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်တင်ထားတာ ဖြစ်ပါတယ်။ ၁၉၁၀ စက်တင်ဘာ ၂၂ ရက်မှာ မွေးဖွားခဲ့တဲ့ အဘိုး မီယာဇာကီ အသက် ၈ နှစ် အရွယ်မှာ ပထမကမ္ဘာစစ် ပြီးဆုံးခဲ့ပြီး အသက် ၃၄ နှစ်အရွယ်မှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်၊ ဂျပန်နိုင်ငံ စစ်ရှုံးခဲ့ချိန် ဖြစ်ပါတယ်။ အဘိုး မီယာဇာကီဟာ အသက် ၉၀ ကျော်လာချိန်အထိ အပြေးပြိုင်တာ မရှိသေးဘူးလို့ ဂင်းနစ်ကမ္ဘာ့စံချိန်အရ သိရပါတယ်။ ဒီလို အပြေးပြိုင်ဖြစ်ဖို့ ဘာက တွန်းအားပေးနေလဲလို့ မေးတဲ့အခါ အဘိုးက သူ့ကျန်းမာရေးပါလို့ ပြောပါတယ်။ ဂျပန်နိုင်ငံဟာ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့က သက်ကြီးဂုဏ်ပြုနေ့ကို ကျင်းပပေးခဲ့ပြီး အသက် ၆၅ နှစ်နဲ့အထက် လူတွေစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ လူဦးရေ ၆ သောင်းလောက်က အသက် ၁၀၀ ကျော်တွေ ဖြစ်တယ်လို့ ပြည်တွင်းရေးရာနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024