ကမ္ဘာတလွှား ကလေးများအတွက် ပိုအလုပ်လုပ်ကြရန် ဘက်ခမ်း တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
1.6K
ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေအဖွဲ့ကြီး (ယူနီဆက်ဖ်) သံတမန်ဖြစ်သူ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းက ကမ္ဘာတလွှား ကလေးတွေအတွက် ပိုပြီး လုပ်ဆောင်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။
ယူနီဆက်ဖ်သံတမန် အဖြစ်နဲ့ရော ဖခင်တယောက်အနေနဲ့ပါ ကလေးတွေ ဆက်ပြီး ဒုက္ခရောက်နေတာကို မြင်ရတာ အသည်းကွဲရတယ်လို့ ကုလသမဂ္ဂ အစည်းအဝေးမှာ စက်တင်ဘာ ၂၄ ရက်နေ့က ပြောဆိုလိုက်တာပါ။
ဘက်ခမ်းဟာ ယူနီဆက်ဖ် ဂုဏ်ထူးဆောင်သံတမန် တာဝန်ကို ထမ်းဆောင်နေတာ ၁၀ နှစ် ကျော်ပါပြီ။
"လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တောင်အာဖရိကက အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်နဲ့အတူ အသက်ရှင်နေတဲ့ ကလေးတွေ၊ မိခင်တွေနဲ့ တွေ့ခဲ့ပြီးပြီ။ ဆီရီယာလီယွန်နိုင်ငံက ငတ်မွတ်နေတဲ့ ကလေးတွေကို မြင်ခဲ့ပြီးပြီ။ ကျန်ခဲ့တဲ့ လတွေက ကမ္ဘောဒီးယားမှာ ပြင်းထန်တဲ့ အကြမ်းဖက်မှုနဲ့ ကြုံခဲ့တဲ့ ကလေးတွေကို တွေ့ခဲ့ပြီးပြီ။ အထိခိုက် မခံနိုင်ဆုံး ကလေးတွေကို ကူညီနေတဲ့ ယူနီဆက်ဖ် ဝန်ထမ်းရဲ့ စွန့်လွှတ်အနစ်နာခံတဲ့ အလုပ်တွေပဲ။" လို့ ဘက်ခမ်းက ပြောသွားတာပါ။
ဘက်ခမ်းဟာ ၂၀၁၅ နှစ်ဦးပိုင်းမှာ ကလေးတွေကို ကာကွယ်ရေး 7 Fund အစီအစဉ်ကို ယူနီဆက်ဖ်နဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။
ဒါဟာ အင်္ဂလန်နဲ့ မန်ယူအသင်းတွေမှာ ကစားချိန်က ဘက်ခမ်းရဲ့ ကျောနံပါတ်လည်း ဖြစ်ပါတယ်။
ယူနီဆက်ဖ်ကတော့ ၂၀၁၄ ဟာ မှတ်တမ်းတင်သမျှ ကလေးတွေအတွက် အဆိုးဆုံးနှစ် ဖြစ်တယ်လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ ပဋိပက္ခတွေအတွင်း အစွန်းရောက် အကြမ်းဖက်မှုတွေရဲ့ ဒဏ်ကို ကလေး ၁၅ သန်းကျော် ခံစားခဲ့ရပြီး သန်းနဲ့ချီတဲ့ ကလေးတွေကတော့ သဘာဝ ကပ်ဘေးဒဏ်ကို ခံခဲ့ရတာပါ။
အနောက်အာဖရိကမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့ခဲ့လို့ ထောင်နဲ့ချီတဲ့ကလေးတွေ မိဘမဲ့ ဖြစ်ခဲ့ပြီး သောင်းနဲ့ချီတဲ့ ကလေးတွေ ကျောင်းထွက်ခဲ့ရပါတယ်။
ကမ္ဘာတလွှား ကလေး ၁၆၈ သန်းဟာ ကလေးလုပ်သားတွေအဖြစ် အလုပ်လုပ်နေရပြီး အများအပြားကတော့ လိင်ပိုင်းအကြမ်းဖက်မှုနဲ့ လူကုန်ကူးမှုတွေမှာ ဓားစာခံတွေ ဖြစ်တယ်လို့ ယူနီဆက်ဖ်က ပြောခဲ့ပါတယ်။