A d v e r t i s e m e n t With Us

ယီမင် ဗလီတလုံးတွင် အသေခံဗုံးခွဲမှု မျက်မြင်သက်သေ ရိုက်ကူးထားသည့် ရုပ်သံ

ယီမင်နိုင်ငံရဲ့ မြို့တော် စာနာက ဟူသီတွေလာတဲ့ ဗလီတလုံးမှာ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတယောက်က အမျိုးသမီးတဦးဟန်ဆောင်ရင်း အသေခံ ဗုံးခွဲခဲ့လို့ ဝတ်ပြုသူ အနည်းဆုံး ၁၀ ဦး သေဆုံးတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အိဒ် အယ်လ် အဒ်ဟာ ဘာသာရေးပွဲတော် ကျင်းပနေတုန်း စက်တင်ဘာ ၂၄ ရက်နေ့က ခုလို ဖောက်ခွဲခဲ့တာပါ။ ဗလီအတွင်း မျက်မြင်သက်သေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ဒုတိယအကြိမ် ပေါက်ကွဲမှုကိုပါ ပြသထားပါတယ်။ ပေါက်ကွဲမှုအပြီး ရိုက်ကူးသူ လဲကျခဲ့ပါတယ်။ လူအနည်းဆုံး ၃၆ ဦး ဒဏ်ရာရတယ်လို့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဟူသီ အင်တာနက် စာမျက်နှာက လူအနည်းဆုံး ၁၀ ဦး သေတယ်လို့ ပြောပေမယ့် အာရပ်မီဒီယာကတော့ အနည်းဆုံး ၂၅ ဦး သေဆုံးတယ်လို့ ပြောပါတယ်။ ယီမင်နိုင်ငံထဲက အိုင်အက်စ် စစ်သွေးကြွတွေကတော့ အယ်လ် ဘာလီလီ ဗလီကို တိုက်ခိုက်မှုအတွင်း အပယ်ခံဝါဒီ ဒါဇင်ပေါင်းများစွာကို ထိခိုက်ဒဏ်ရာ ရစေခဲ့တယ်လို့ ပြောပါတယ်။ ဆွန်နီမွတ်စလင်အုပ်စုဟာ ရှီးယိုက်မွတ်စလင်တွေကို မိစ္ဆာဒိဋ္ဌိတွေအဖြစ် ရှုမြင်ရည်ညွှန်းပြီး ခေါ်ဝေါ်လေ့ ရှိပါတယ်။ ဒါဟာ ဒီလအတွင်း မြို့တော်မှာ ဗလီကို ပစ်မှတ်ထား တိုက်ခိုက်တာ ဒုတိယအကြိမ်ပါ။ စက်တင်ဘာ ၂ ရက်နေ့ကလည်း စာနာမြို့မြောက်ပိုင်းမှာ အိုင်အက်စ်တွေရဲ့ အသေခံ ဗုံးခွဲမှု ၂ ကြိမ်ကြောင့် လူအနည်းဆုံး ၂၈ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ယီမင်ပြည်တွင်းစစ်အတွင်း လူအယောက် ၄၅၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။ ခုတော့ အိုင်အက်စ်တွေက ပဋိပက္ခကို အခွင့်ကောင်းယူပြီး သူ့စစ်ဆင်ရေးတွေကို တိုးချဲ့နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up