Live
Home
မြန်မာသတင်း
ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများက အမျိုးသမီးလိင်လုပ်သားများကို ကူညီရန် ခက်ခဲ
ပိုင်စိုး
·
September 24, 2015
လက်ရှိဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့  အမျိုးသမီးလိင်လုပ်သားတွေကို နှိပ်ကွပ် နှိမ်နင်းနေတာဟာ အသိပညာပေးရေးနဲ့ ကျန်းမာရေး စောင့်ရှောက်ဖို့အတွက် ခက်ခဲစေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ “ကွန်ဒုံးနဲ့တွေ့ရင်လည်း မဖမ်းရဘူးလို့ အထက်အဆင့်ဆင့်က ညွှန်ကြားထားပေမယ့် အောက်ခြေမှာတော့ ဖမ်းနေတာပဲ” လို့ အမျိုးသမီးလိင်လုပ်သားတွေကို ကျန်းမာရေးစောင့်ရှောက်တာနဲ့ အသိပညာပေးရေး လုပ်ဆောင်နေတဲ့ မန္တလေးမြို့၊ ရင်ခတ်ပန်းအဖွဲ့ရဲ့ ဦးဆောင်သူ ဒေါ်ခင်မြင့်ဝေက ဒီဗွီဘီကို ပြောပါတယ်။ အမည်မဖော်လိုတဲ့ အမျိုးသမီး လိင်အလုပ်သမတဦးက အဖမ်းခံရမှာစိုးလို့ လုံလောက်အောင်ကွန်ဒုံးမဆောင်ကြတာကြောင့် ရောဂါကူးစက်မှုကို စိုးရိမ်မှု မြင့်တက်စေတယ်လို့ ပြောပါတယ်။ သူက “ကျန်းမာရေး အသိရှိလို့ ကွန်ဒုံးကို ဆောင်ရင်လည်း တခု၊ နှစ်ခုထက် ပိုမဆောင်ရဲကြဘူး။ တကယ်တမ်း အလုပ်လုပ်ကြတဲ့အခါ လာတဲ့သူက တစ်ယောက်၊ နှစ်ယောက်တည်းမှ မဟုတ်တာ။ အဲဒီတော့ လုံလောက်တဲ့ အကာအကွယ်မရှိကြဘူး” လို့ ပြောပါတယ်။ ဒါ့အပြင် လက်ရှိချမှတ်နေတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေကို တိုးမြှင့်ဖို့ လွှတ်တော်မှာ ဆွေးနွေးနေတာလည်း ရှိပါတယ်။ “သူတို့တွေထဲမှာ Non (ရောဂါပိုးမရှိသူ) လည်းရှိတယ်။ Postive (ရောဂါပိုးရှိသူ) လည်းရှိတယ်။ မန္တလေးမှာတော့ ဆေးရဖို့ နည်းနည်း အဆင်ပြေတယ်ဆိုပေမယ့် တခြားနေရာတွေမှာဆိုရင် အဆင်မပြေဘူး။ ဆေးက အချိန်နဲ့သောက်ရတာ။ ဆေးပြတ်ရင်တော့ မြန်မြန်ဂိပြီး သေမှာပဲ” လို့ ဒေါ်ခင်မြင့်ဝေက ပြောပါတယ်။ ပြစ်ဒဏ်တွေတိုးမြှင့်လိုက်လို့ ကြောက်ပြီး ပုန်းလျှိုးကွယ်လျှိုးလုပ်လာရင် အသိပညာပေးတာမှာ ပိုပြီး ခက်ခဲလာမယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။ နေရာအတည်တကျနဲ့ လုပ်ကိုင်နေသူတွေကို ကျန်းမာရေး အသိပေးရာမှာ လွယ်ကူပေမယ့် တစ်ယောက်တည်း လှုပ်ရှားနေသူတွေအတွက်ကတော့ အသိပညာပေးဖို့ မလွယ်ပြန်ဘူးလို့လည်း သူတို့က ပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ လမ်းပေါ်မှာ အလုပ်ရှာတာထက် အင်တာနက်၊ အွန်လိုင်းကတဆင့် ရှာတာတွေရှိလာတာကြောင့်လည်း အသိပညာပေးဖို့ ခက်ခဲလာတာရှိပါတယ်။ အာရှဒေသက အမျိုးသမီးလိင်လုပ်သားတွေဟာ သာမန်အမျိုးသမီးတွေထက် အိပ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံရခြေ ၂၉ ရာခိုင်နှုန်း ပိုများတယ်လို့ UNAIDS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကြောင့် ဒီလောကထဲကို ၀င်ရောက်လာသူတွေ ပိုလာတယ်လို့လည်း ဒေါ်ခင်မြင့်ဝေက ပြောပါတယ်။ “သူတို့ရှိနေတာတောင် မုဒိန်းမှုတွေ ဖြစ်နေတယ်။ သူတို့မရှိရင် ပိုဆိုးမှာပေါ့။ ကျွန်မတို့က ဒါကို ထောက်ခံပြောနေတာ မဟုတ်ဘူး။ ဒီအလုပ်ကို ဘယ်သူမှ လုပ်ချင်ကြတာမဟုတ်ပါဘူး။ မတတ်သာလို့ လုပ်နေကြရတာ။ သူတို့ထဲမှာ ရောဂါဖြစ်ပွားနှုန်းတွေ လျော့လာဖို့၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ အမူအကျင့်တွေ ပြောင်းလာဖို့အတွက်က အစိုးရနဲ့ အားလုံးမှာ တာဝန်ရှိတယ်” လို့လည်း သူက ဆက်ပြောပါတယ်။ အိပ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေမှာတော့ မြန်မာနိုင်ငံမှာ အမျိုးသမီး လိင်လုပ်သား ၇ သောင်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024