A d v e r t i s e m e n t With Us

ကျွန်းပေါ်မှ ဒေသခံများအတွက် ၀န်ဆောင်မှုပေးမည့် အင်ဒိုနီးရှား ရေပေါ်ဘဏ်(ရုပ်သံ)

အင်ဒိုနီးရှားဘဏ်ဟာ သင်္ဘောတစီးကို ရေပေါ်ဘဏ်အဖြစ် အသွင်ပြောင်းပြီး ဝေးလံသီခေါင်တဲ့ ကျွန်းတွေပေါ်က ဒေသခံတွေအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုတွေ ပေးနေပါတယ်။ အရင်လက သမ္မတ ဂျိုကိုဝီဒိုဒိုက တရားဝင် စတင်လိုက်တဲ့ ဒီဝန်ဆောင်မှုဟာ အရှေ့တောင်အာရှ ဒေသမှာ ပထမဆုံး ဘဏ်အမျိုးအစား ဖြစ်လာပါတယ်။ နိုင်ငံအတွင်း လူနေသိပ်သည်းပေမယ့် ထောင်နဲ့ချီတဲ့ ကျွန်းတွေပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် ဘဏ်ဝန်ဆောင်မှုတွေ ပိုပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ရာကွတ်အင်ဒိုနီးရှားဘဏ် (ဘီအာရ်အိုင်) က လောလောဆယ် အင်ဒိုနီးရှားရဲ့ ကျွန်း ၅ ကျွန်းမှာ ရွေ့လျားဘဏ်လုပ်ငန်းကို ဝန်ဆောင်မှု ပေးနေပါတယ်။ တနင်္လာနေ့တိုင်း ဂျကာတာကနေ ထွက်ခွာပြီး တရက်ကို ကျွန်းတကျွန်းကျ သွားရောက်ပြီး သောကြာနေ့တိုင်းမှာ ဂျကာတာကို ပြန်လာဖို့ လမ်းကြောင်းဆွဲထားပါတယ်။ ဂျကာတာကနေ ၂ နာရီခရီး သင်္ဘောစီးရတဲ့ ပရာမူခါကျွန်းက ဒေသခံကတော့ ဒီဝန်ဆောင်မှုဟာ သူ့စီးပွားရေးအတွက် အဆင်ပြေတယ်၊ အရင်ကဆို ငွေလွှဲဖို့ အချိန် ၂ ရက်၊ ၃ ရက် ကြာတယ်လို့ ပြောပါတယ်။ ရေပေါ်ဘဏ်ဟာ ဒေသခံ ကျောင်းသားတွေအတွက် ဘဏ်တွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ကြည့်ဖို့ အခွင့်အရေးကိုလည်း ပေးနေပါတယ်။ ဒေသခံ စီးပွားရေး လုပ်ငန်းငယ်လေးတွေလည်း အသေးစားချေးငွေရလို့ လုပ်ငန်း တိုးချဲ့နိုင်တဲ့အတွက် ခရီးသွားလုပ်ငန်းကို အဓိက အားကိုးနေရတဲ့ ကျွန်းတွေမှာ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ ရာကွတ်အင်ဒိုနီးရှားဘဏ်ဟာ နိုင်ငံတွင်း တခြားဒေသတွေကို ထိုးဖောက် ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ထားတယ်လို့ အသေးစား ချေးငွေလုပ်ငန်းဌာန လက်ထောက်မန်နေဂျာက ပြောပါတယ်။ ကမ္ဘာ့စတုတ္ထ လူအသိပ်သည်းဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ကျွန်းပေါင်း ၁၈၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up