၉ မိနစ် ၅ ဂိုးသွင်းသည့် လီဝမ်ဒေါစကီး (ရုပ်သံဟိုက်လိုက်)

8K
ဂျာမနီ ဘွန်ဒစ်လီဂါ ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး က ၉ မိနစ်အတွင်းမှာ ၅ ဂိုးသွင်းပြီး ပေါက်ကွဲပြလိုက်ပါတယ်။
ဝုဖ်ဘတ်နဲ့ ကစားတဲ့ ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနေစဉ် ဒုတိယပိုင်းရောက်မှ လူစားဝင်လာပြီးတော့ ၉ မိနစ်အတွင်းမှာ ၅ ဂိုးသွင်းပြီး ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
လူစားဝင်ပြီး ၆ မိနစ်မှာ ပထမဂိုးကို စတင်သွင်းယူပါတယ်။ ဒီနောက် ၅၈ စက္ကန့် အကြာမှာ ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။
နောက် ၂ မိနစ်အကြာမှာ တတိယဂိုး သွင်းယူခဲ့ပြီး ဒီနောက် ၂ မိနစ်မှာ စတုတ္တဂိုး သွင်းယူခဲ့သလို နောက်ထပ် ၃ မိနစ်အကြာမှာ နောက်ဆုံးဂိုးကို သွင်းယူခဲ့ပါတယ်။
ဒီလို ဂိုးသွင်းယူနိုင်တာကို မယုံနိုင်သလို ကျေနပ်မိတယ်လို့ လီဝမ်ဒေါ့စကီးက ပြောပါတယ်။
၉ မိနစ်အတွင်း ၅ ဂိုးသွင်းတာကို မယုံကြည်နိုင်သလို ရောဘတ်အတွက် ပျော်ရွှင်မိတယ်လို့ ဘိုင်ယန်နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ဒီအတွက် လီဝမ်ဒေါ့စကီးဟာ ဘွန်ဒစ်လီဂါမှာ ၄ မိနစ်အတွင်းမှာ အမြန်ဆုံး ဟစ်ထရစ် ရယူသွားနိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဘွန်ဒစ်လီဂါမှာ လူစားဝင်ကစားပြီး ပထမဆုံး ဟစ်ထရစ်အထက် ဂိုးသွင်းယူနိုင်တဲ့သူလည်း ဖြစ်ပါတယ်။