ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် တရုတ်သမ္မတ အမေရိကန်နိုင်ငံရောက်

ဓာတ်ပုံ - ရိုက်တာ
899
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက ဇနီးသည်နဲ့အတူ စီးယက်တယ်မြို့ကို ဆိုက်ရောက်သွားပြီး သမ္မတ အိုဘားမားရဲ့ ကိုယ်စားလှယ်အဖွဲ့က ကြိုဆို နှုတ်ဆက်ပါတယ်။
အခုတခေါက် စီးယက်တယ်မြို့မှာ ၂ ရက်ခွဲ နေထိုင်မှာဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး မိန့်ခွန်းပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။
ခရီးစဉ်အတွင်း ဒေသခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိသလို တရုတ်-အမေရိကန် အုပ်ချုပ်ရေးမှူးများ ဖိုရမ်နဲ့ နှစ်နိုင်ငံစလုံးက စီးပွားရေး စွန့်ဦးတီထွင်သူတွေ တက်ရောက်တဲ့ အစည်းအဝေးကိုလည်း တက်ရောက်ဖို့ ရှိပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ကျရင် ၀ါရှင်တန်ကို သွားပြီး အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ သီးသန့်တွေ့ဖို့ ရှိပါတယ်။
တရုတ်သမ္မတကို အမြောက် ၂၁ ချက်ဖောက်ပြီး ကြိုဆိုခဲ့သလို နိုင်ငံတော် ညစာစားပွဲတွေနဲ့ သမ္မတ အိုဘားမားက ကြိုဆိုဖို့ စီစဉ်ထားပါတယ်။
နယူးယောက်မှာ ၃ ရက် ဆက်နေပြီး ကုလသမဂ္ဂ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ၊ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ ရှိပါတယ်။