ကမ္ဘာ့အဆင့် ကစားသမား ၄ ဦးသာ တွေ့ခဲ့ကြောင်း ဖာဂူဆန် ပြော

ဓာတ်ပုံ - ရိုက်တာ
2K
မန်ယူမှာ တာဝန်ယူခဲ့တဲ့ နည်းပြသက်တမ်း ၂၆ နှစ်အတွင်း ကမ္ဘာ့အဆင့် ကစားသမား ၄ ဦးကိုသာ တွေ့ခဲ့ရတယ်လို့ ဂန္ထ၀င်နည်းပြ ဖာဂူဆန်က သူ့ရဲ့စာအုပ်အသစ် Leading မှာ ထည့်သွင်းရေးသားထားပါတယ်။
အဲဒီကစားသမား ၄ ဦးကတော့ အဲရစ်ကန်တိုနာ၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်နဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ ဖြစ်ကြပြီး ရော်နယ်ဒိုကတော့ သူတို့ထဲမှာ အကြီးကျယ်ဆုံး ကစားသမား ဖြစ်တဲ့အကြောင်း ဖာဂူဆန်က ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့က စတင်ရောင်းချတဲ့ အဲဒီစာအုပ်ကို နာမည်ကျော် စီးပွားရေးသမား ဆာ မီခေးလ် မိုရစ်နဲ့ ပူးတွဲရေးသားထားတာဖြစ်ပြီး ခေါင်းဆောင်မှုပညာရပ်ကို အဓိကထား ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဒီနေ့ခေတ်အခါမှာ ကမ္ဘာ့အဆင့် ကစားသမား ၂ ဦးသာ ရှိတယ်လို့ သူ့ရဲ့စာအုပ်ထဲမှာ ရေးထားပြီး အဲဒီ ၂ ဦးဟာ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုပါပဲလို့ ဖာဂူဆန်က စာအုပ်မိတ်ဆက်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။