အပန်းဖြေစခန်းကို စီးနင်းပြီး ဓားစာခံများ ဖမ်းဆီးသွားပုံ ရုပ်သံ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ဖြန့်ချိ

ဘယ်သူဘယ်ဝါ မသိရတဲ့ လက်နက်ကိုင် ယောက်ျားတွေက ဓားစာခံတအုပ်ကို ဝန်းရံခေါ်သွားပြီး တံတားတစင်းပေါ် ဖြတ်ကူးသွားပုံကို လုံခြုံရေး ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံ ဖိလစ်ပိုင်နိုင်ငံ အမျိုးသားရဲတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။ မငြိမ်မသက်ဖြစ်နေတဲ့ ဖိလစ်ပိုင်တောင်ပိုင်း မင်းဒနောင်းကျွန်းပေါ်က အကြီးဆုံးမြို့ ဒါဗာအိုနားက အိုးရှန်းဗျူး အပန်းဖြေ စခန်းကို စီးနင်းအပြီး ခုလို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။ ကနေဒါနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂ ဦး၊ နော်ဝေနိုင်ငံသား အပန်းဖြေစခန်း မန်နေဂျာနဲ့ ဖိလစ်ပိုင် အမျိုးသမီး ၁ ဦးတို့ကို သေနတ်နဲ့တေ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့က ခေါ်သွားတာလို့ ဖိလစ်ပိုင်စစ်တပ် ဗိုလ်ကြီး အယ်လ်ဘာတို ကာဘာက ပြောပါတယ်။ စီးနင်းချိန်က အပန်းဖြေစခန်းထဲမှာ နိုင်ငံခြားသား ခရီးသည် အယောက် ၃၀ လောက် ရှိနေခဲ့ပြီး တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူစေခိုင်းတယ် ဆိုတာ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။ ဂျပန်ခရီးသည် ၂ ဦးက ပြန်ပေးဆွဲမှုကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ သေနတ်သမားတွေက ဓားစာခံတွေနဲ့အတူ ထွက်ပြေးခဲ့တယ်လို့ သတင်းရင်းမြစ် တခုက  ပြောပါတယ်။ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြန်ပေးဆွဲခံရတာကို သိတယ်လို့ ပြောပါတယ်။ နိုင်ငံခြားရောက် ကနေဒါ နိုင်ငံသားတွေရဲ့ ဘေးကင်းရေးအတွက် သတင်းအချက်အလက် ထုတ်ပြန်မှု ဒါမှမဟုတ် မှတ်ချက်ပေးဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းခဲ့ပါတယ်။ ဒါဗာအိုဒေသဟာ ဆယ်စုနှစ်နီးပါး ငြိမ်းချမ်းခဲ့တဲ့ ဒေသပါ။ ကျွန်းပေါ်က အစ္စလာမ္မစ် သူပုန်တွေနဲ့ လတ်တလော ငြိမ်းချမ်းရေး သဘောတူညီချက် ရထားတဲ့အချိန်မှာ ခုလို တိုက်ခိုက်မှုကြောင့် စစ်တပ်နဲ့ ရဲအရာရှိတွေ အံ့အားသင့်ခဲ့ကြပါတယ်။ သေနတ်သမားတွေဟာ အင်္ဂလိပ်စကားနဲ့ ဖိလစ်ပိုင်မှာ ကျယ်ကျယ်ပြန့်ပြန့်ပြောတဲ့ ဒေသခံ တာငါလော့ဘာသာစကားကို ပြောကြတယ်လို့ ဖိလစ်ပိုင်စစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။ သေနတ်သမားတွေရဲ့ လှေကို ရှာဖွေ ဟန့်တားဖို့ ရေတပ်သင်္ဘော ၃ စီးကို လွှတ်ပြီးပြီလို့ စစ်ဦးစီးမှူးတဦးက ပြောပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းက အကြီးဆုံး မွတ်စလင် သူပုန်အုပ်စုနဲ့ အစိုးရတို့ဟာ ၄၅ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး ၂၀၁၄ ခုနှစ်က ငြိမ်းချမ်းရေး သဘောတူညီချက် ရခဲ့ပြီးသားပါ။ ဖိလစ်ပိုင် ပြည်တွင်းစစ်ကြောင့် လူအယောက် ၁ သိန်း ၂ သောင်းလောက် သေဆုံးခဲ့ပြီး လူ ၂ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

More News
Up