ကျူးဘားတွင် သာသနာပြုချိန်အတွင်း ခွင့်လွှတ်သည်းခံရန် ပုပ်ရဟန်းမင်းကြီး ဆော်သြ

ဓာတ်ပုံ - ရိုက်တာ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သာသနာပြု သင်းအုပ်ဆရာတွေနဲ့ သီလရှင်တွေဟာ ကျူးဘားနိုင်ငံမှာ သာသနာပြုချိန်အတွင်း အသေးငယ်ဆုံးနဲ့ လျစ်လျူရှုအခံရဆုံး သူတွေအပေါ် အလုပ်အကျွေးပြုဖို့နဲ့ ခွင့်လွှတ်တဲ့ နေရာမှာ ဘယ်တော့မှ စိတ်မပျက်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ဆော်သြလိုက်ပါတယ်။ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ကျူးဘားကို သမိုင်းဝင် အလည်အပတ် ခရီးစဉ်အတွင်း ဟာဗားနား ဘုရားရှိခိုးကျောင်းရဲ့ ညနေခင်း ဝတ်ပြုပွဲမှာ ခုလို ပြောဆိုလိုက်တာပါ။ ဟာဗားနားမြို့ရဲ့ ၁၈ ရာစုနှစ်က ဘုရားရှိခိုး ကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီးကို တင်မြှောက်ခွင့်ရှိသူ ရေဖျန်း ခရစ်ယာန်ဘုန်းတော်ကြီး ကျူးဘားနိုင်ငံသား အော်တီဂါနဲ့အတူ ပုပ်ရဟန်းမင်းကြီးက ဝတ်ပြု ပူဇော်ပွဲကို ကြီးမှူးကျင်းပခဲ့တာပါ။ အသက် ၇၈ နှစ်အရွယ် ဘုန်းတော်ကြီး အော်တီဂါဟာ ပုပ်ရဟန်းမင်းကြီးနဲ့ ကာလကြာရှည် မိတ်ဖက်ဖြစ်ပြီး လက်တင်အမေရိကတိုက် ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ ကောင်စီမှာ နှစ်ပေါင်းများစွာ အတူလုပ်ခဲ့ပါတယ်။ သူဟာ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေအတွင်း ကျူးဘားနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၁၂၆ ဦး လွှတ်ပေးဖို့ ညှိနှိုင်းပေးခဲ့သူပါ။ သူကိုယ်တိုင်လည်း ဖီဒယ် ကတ်စထရိုရဲ့ တော်လှန်ရေးအစိုးရလက်ထက် ဘာသာရေး ခေါင်းဆောင်တွေ၊ မိန်းမလျာတွေနဲ့ တခြားပြိုင်ဘက်တွေကို နှိမ်နင်းမှုအတွင်း ၁၉၆၆-၆၇ ခုနှစ်တွေမှာ ၈ လကြာ အလုပ်ကြမ်းစခန်းထဲမှာ နေခဲ့ရဖူးပါတယ်။ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ် ကတ်စ်ထရိုဟာ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် ရပ်တည်ချက် ပျော့ပြောင်းလာအပြီး အော်တီဂါရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာခဲ့ပါတယ်။ ကျူးဘားဟာ ၁၉၉၂ ခုနှစ်မှာ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲခဲ့ပြီး ဘုရားမဲ့ဝါဒီနိုင်ငံ အဖြစ်ကနေ လောကီသီးသန့်ဝါဒဆီကို ပြောင်းလဲ ကျင့်သုံးခဲ့ပြီး ဘာသာရေး လွတ်လပ်ခွင့်ကိုလည်း အာမခံ ပေးခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဗာတီကန်နဲ့ ကျူးဘားတို့ကြား ဆက်ဆံရေး နွေးထွေးစေဖို့ ၄ ရက်ကြာ အလည်အပတ် ခရီးစဉ်ပြီးရင် အမေရိကန်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။

More News
Up