နယ်စပ်တည်ငြိမ်မှု ထိန်းသိမ်းရန် တရုတ် တောင်းဆို
DVB
·
September 22, 2015
ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ နယ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တရုတ် ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
ဘေဂျင်းကို အလည်အပတ် ရောက်ရှိနေတဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို နယ်စပ်လုံခြုံရေး ပူးပေါင်းထိန်းသိမ်းဖို့ စက်တင်ဘာ ၂၂ ရက်က တိုက်တွန်းလိုက်တာလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
"ရေရှည် တည်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိဖို့ သတ်မှတ်ထားတဲ့ အတိုင်း ဒေသတွင်း နိုင်ငံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အောင်မြင်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တရုတ်က ထောက်ခံပါတယ်” လို့ တရုတ် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့် တပ်မတော်) တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၂ နိုင်ငံ ဆက်ဆံရေး အနည်းငယ် အဖုအထစ် ရှိခဲ့ပါတယ်။
တိုက်ပွဲကြောင့် တရုတ်နိုင်ငံသားတချို့ အသေအပျောက်ရှိခဲ့ပြီး တရုတ်ဘက်ခြမ်းကို လက်နက်ကျည်ဆန်တချို့ ၀င်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်က ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်နေပြီး အစိုးရ အပြောင်းအလဲက မြန်မာပြည်အတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ရေနံ၊ ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ် ကဏ္ဍတွေ ထိခိုက်မှာ စိုးရိမ်နေပါတယ်။