လူမှောင်ခိုသမားများ ပစ်ထားခဲ့၍ ဒုက္ခသည် အများအပြား တူရကီတွင် သောင်တင်

ဓာတ်ပုံ - rte.ie
လူမှောင်ခို တင်ပို့သူတွေရဲ့ အကူအညီနဲ့ ဂရိနိုင်ငံကို ရောက်ဖို့ ရည်မှန်းထားတဲ့ ဒုက္ခသည်တွေကို လူမှောင်ခို တင်ပို့သူတွေက ပစ်ထားခဲ့လို့ ဒုက္ခသည် အမြောက်အမြား တူရကီနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ အစ်ဇ်မီယာမှာ ခုထိ သောင်တင်နေဆဲပါ။ ဆီးရီးယား ဒုက္ခသည် ဟာရစ်သ်က သူနဲ့ တခြား ဒုက္ခသည်တွေဟာ လူ ၃၅ ဦးဆန့် လှေတစီးနဲ့ သူတို့ကို ဂရိနိုင်ငံဆီ ပို့ပေးမယ်လို့ ကတိပြုထားတဲ့ လူမှောင်ခိုတွေကို ဒေါ်လာ ၁၂၀၀ ပေးခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အစ်ဇ်မီယာမြို့ပြင် ကမ်းခြကို ရောက်ချိန်မှာ ကတိနဲ့ အခြေအနေတို့ လုံးလုံး ကွဲပြားနေတယ်လို့ သူက ဆက်ပြောပါတယ်။ လူမှောင်ခိုသမားတွေ စုစည်းထားတဲ့ ဒုက္ခသည် ၆၅ ဦးက သူတို့အားလုံးကို နေရာပေးဖို့ သေးလွန်းနေတဲ့ လှေကို စီးဖို့ ငြင်းခဲ့ပြီး အဇ်မီယာကို ပြန်သွားခဲ့တာပါ။ ဂရိကို ခေါ်သွားဖို့ လူမှောင်ခိုသမားတွေကို ငွေပေးခဲ့ပေမယ့် အစီအစဉ် ပျက်ခဲ့တော့ ငွေပြန်မရဘူးလို့ ဆီးရီးယား ဒုက္ခသည် နောက်တဦးက ပြောပါတယ်။ “လှေက လူအယောက် ၄၀ တင်နိုင်တယ်လို့ သူတို့က ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ၅၅ ယောက် စီးတယ်။ မီတာ ၅၀၀ လောက်ပဲ သွားရအပြီးမှာ ရေတွေ လှေထဲ ဝင်လာတယ်။ ကျနော်တို့ တယောက်မှ ခရီး မထွက်နိုင်တော့ဘူး။” လူကုန်ကူးသူတွေဟာ ဒုက္ခသည်တွေကို ငွေအတွက် မကြာမကြာ လိမ်ညာလေ့ ရှိပါတယ်။ လူမှောင်ခိုသမားတွေက အသက်ကယ်လှေနဲ့ သွားမယ်လို့ ပြောပြီး ကမ်းခြေမှာ စောင့်ခိုင်းခဲ့ပေမယ့် ပြန်မလာကြတော့ဘူးလို့ နောက်ထပ် ဆီးရီးယား ဒုက္ခသည်တဦးက ပြောပါတယ်။ ဆီးရီးယားနိုင်ငံတွင်း ၄ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် လူအယောက် ၂ သိန်းခွဲကျော် သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေကတော့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခိုလှုံခဲ့တာပါ။ တချို့ကတော့ ပိုချမ်းသာတဲ့ အနောက်ဥရောပနိုင်ငံတွေဆီ သွားရောက် ခိုလှုံဖို့ ကြိုးစားခဲ့ကြလို့ ဥရော့ပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအတွင်း စစ်အေးခေတ်အပြီး အဆိုးဆုံး ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။

More News
Up