ဗြိတိန်နှင့် တရုတ် ပူးပေါင်း ရင်းနှီးမြှုပ်နှံရန် သဘောတူ

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်နဲ့ တရုတ် ၂ နိုင်ငံတို့ဟာ နျူကလီးယားစွမ်းအင်၊ မီးရထားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စက်တင်ဘာ ၂၁ ရက်နေ့က သဘောတူလိုက်ပါတယ်။ လန်ဒန် ရှန်ဟိုင်းစတော့ဈေးကွက်တွေ ချိတ်ဆက်ရေး ဖြစ်တန်စွမ်း လေ့လာမှုတွေကို စတင်မယ်လို့ ပြောပါတယ်။ အင်္ဂလန်နိုင်ငံ အနောက်တောင်ဘက် ဟင်ကလေအငူစွန်းမှာ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တရုတ်နဲ့အတူ တည်ဆောက်ရေး ဗြိတိန်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ပံ့ပိုးမယ်လို့ သူတို့ ၂ ယောက်လုံးက သဘောတူခဲ့ပါတယ်။ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး ဂျော့ခ်ျ အော့စ်ဘွန်းဟာ တရုတ်ဒု-ဝန်ကြီးချုပ် မာခိုင်နဲ့ တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံအပြီး ခုလို သဘောတူလိုက်တာ ဖြစ်ပါတယ်။ ဗြိတိန်အဆင့်မြင့်တာဝန်ရှိသူဟာ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံ တရုတ်နဲ့  စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ တရားဝင်ခရီးစဉ်နဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရောက်လာတာပါ။ တရုတ်နိုင်ငံတွင်း စတော့ဈေးကွက် ပြိုလဲခဲ့ပြီး နဂိုခန့်မှန်းသလို စီးပွားရေးတိုးနှုန်း ၇ ရာခိုင်နှုန်းကို မရောက်နိုင်တော့မှာ စိုးရိမ်မှုတွေ ရှိနေပေမယ့် အော့စ်ဘွန်းကတော့ တရုတ်စီးပွားရေး အားကောင်းမှုကို ယုံကြည်တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က ပြောပါတယ်။ ဗြိတိန်ဟာ အနောက်ကမ္ဘာမှာ တရုတ်ရဲ့ အကောင်းဆုံး မိတ်ဘက်အဖြစ် ရှိနေမယ်လို့ အော့စ်ဘွန်းက ပြောပါတယ်။ သူဟာ ၅ ရက်ကြာ ခရီးစဉ်အတွင်း ရှန်ဟိုင်း၊ ချန်ဒူနဲ့ အူရမ်းကီးမြို့တွေဆီ သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။ အကဲခတ်တွေကတော့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရဲ့ အစိုးရဟာ တရုတ်နိုင်ငံနဲ့ ပိုနက်ရှိုင်းတဲ့ ကုန်သွယ်ရေး အဆက်အသွယ်ကို ရယူဖို့ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်ဆံရာမှာ သိပ်ကို နူးညံ့လွန်းတယ်လို့ စွပ်စွဲပါတယ်။ တရုတ်သမ္မတ ရှီကျင်ပင်းကတော့ ဗြိတိန်ကို အောက်တိုဘာလထဲမှာ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။

More News
Up