ကျူးဘားရောက် ပုပ်ရဟန်းမင်းကြီး နှင့် ဖီဒယ် ကက်စထရို တွေ့ဆုံ

ကျူးဘားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုမန်ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ပထမမြောက် ဖရန့်စစ်နဲ့ ကျူးဘား တော်လှန်ရေးခေါင်းဆောင် ဖီဒယ် ကက်စထရိုတို့ စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ဆုံပါတယ်။
ကက်စထရိုရဲ့ နေအိမ် သီးသန့် တွေ့ဆုံပွဲမှာ ကက်စထရိုရဲ့ ဇနီး ဒါလီယာ ဆိုတို ဒဲလ် ဗဲလီလည်း ပါဝင်ပါတယ်။
၂၀ ရာစု လက်ဝဲယိမ်းခေါင်းဆောင်တွေထဲမှာ အထင်ကရဖြစ်တဲ့ အသက် ၈၉ နှစ်အရွယ် သမ္မတဟောင်း ကက်စထရိုနဲ့ ပုပ်ရဟန်းမင်းကြီးတို့ဟာ ဘာသာရေးကိစ္စတွေနဲ့ ကမ္ဘာ့ရေးရာတွေကို မိနစ် ၄၀ ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ပုပ်ရဟန်းမင်းကြီးက ကက်စထရိုကို ဓမ္မကျမ်းစာ စာအုပ်တွေ၊ စီဒီတွေ လက်ဆောင်ပေးအပ်ခဲ့တဲ့ အထဲမှာ လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်က ကက်စထရိုရဲ့ ဆရာရင်းဖြစ်တဲ့ ဘုန်းတော်ကြီး အာမန်ဒို လိုလန်တီရဲ့ စာအုပ်တွေလည်း ပါဝင်ပါတယ်။
ကက်စထရိုကလည်း ဖီဒယ်နဲ့ ဘာသာရေးဆိုတဲ့ ၁၉၈၅ ခုနှစ်က ဘရာဇီးက ဘုန်းတော်ကြီးနဲ့ အမေးအဖြေ စာအုပ်ကို လက်ဆောင်ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ စက်တင်ဘာ ၁၉ ရက်နေ့က ကျူးဘားကို ရောက်ရှိပြီး ကျူးဘားနဲ့ အမေရိကန် ပြည်ထောင်စုတို့ ဆက်ဆံရေး ကောင်းမွန်ဖို့နဲ့ ကျူးဘားမှာ ရိုမန်ကက်သလစ် ဘာသာဝင်တွေကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရေး တိုက်တွန်းဖို့ ရှိပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့မှာ ကျူးဘားကနေ ၀ါရှင်တန်ကို ခရီးဆက်မှာဖြစ်ပြီး အမေရိကန်သမ္မတ အိုးဘားမားနဲ့ တွေ့ဆုံပြီးရင် အမေရိကန် ကွန်ဂရက်နဲ့ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဖို့ ရှိပါတယ်။