Home
ဆောင်းပါး
ဈေးကြီးလွန်းတဲ့ ရွေးကောက်ပွဲ
DVB
·
September 21, 2015
၁၉၆၂ တုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းခေတ်မှာ နိုင်ငံတကာကြေးစုစုပေါင်း ဒေါ်လာ ၅ ဘီလီယန်တင်ခဲ့တယ်။ ၁၉၈၈ မှာ (နဝတ) တက်လာတော့ ၂ဝ၁၁ အထိ နောက်ထပ်အကြွေး ၃ ဘီလီယန် တင်ပြန်တယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ၁ ဘီလီယန်နီးပါး အကြွေးထပ်ယူ တယ်။ အခုဆိုရင် အကြွေးစုစုပေါင်းဟာ ၉.၆ လီလီယန်အထိရှိလာပြီ။ ၄ ဘီလီယန် (၄၂ ရာခိုင်နှုန်း) က တရုတ်ဆီကနေ ချေးထားတာဖြစ်တယ်။ တရုတ်ကိုပေးနေရတဲ့ အတိုးနှုန်းက ၄.၅ ရာခိုင်နှုန်း ဖြစ်တယ်။ နိုင်ငံတကာမှာ အဲလိုအကြွေးကို အတိုးနှုန်း ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်း သာ ပေးရတယ်။ နှစ်စဉ် အတိုးသက်သက် သန်း ၁၈ဝ ပေးနေရတယ်။ မြန်မာနိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB) ကနေ သမဝါယမဝန်ကြီးဌာနကိုယ်စား၊ တရုတ် Exim Bank ကနေ ဒေါ်လာသန်း ၃ဝဝ ကို လွှတ်တော်ကြိုတင်အတည်ပြုချက်မပါပဲ ချေးယူဘို့ ၁၄-၁၁-၂ဝ၁၄ နေ့က လက်မှတ်ထိုးပြီး၊ ၂၅-၂-၂ဝ၁၅ နေ့ ရောက်မှသာ လွှတ်တော်ကို တင်ခဲ့တယ်။ အဲဒီအဆိုကို သမဝါယမဝန်ကြီးဦးကျော်ဆန်းက တင်တယ်။ NLD အမတ်တွေက ကန့်ကွက်ပေမယ့် အတည်ပြုတယ်။ အဲဒီငွေကို တောင်သူလယ်သမားတွေကို ချေးပေးမယ်လို့ ဆိုတယ်။ အတိုးနှုန်းက ၄.၅ ရာခိုင်နှုန်း ဖြစ်တယ်။ လွှတ်တော်ကနေ အတည်ပြုခဲ့တယ်။ နောက်ထပ်ချေးငွေနဲ့ပါဆိုရင် တရုတ်ဆီကချေးယူးထားတာ သန်း ၇ဝဝ ရှိတယ်။ နိုင်ငံတကာချေးငွေ အများစုဟာ အတိုးမဲ့ဖြစ်ဖြစ် နှစ် ၄ဝ ကြာ ဆပ်နိုင်တာအထိရှိတယ်။ သမဝန်ကြီးဌာနရဲ့ သန်း ၁ဝဝ ဟာ ၂ နှစ်ဆိုင်း၊ ၁ဝ နှစ်ဆပ်ရမှာ ဖြစ်တယ်။ အဲတာကြောင့် တရုတ်ကိုပေးနေရတဲ့အတိုးဟာ နှစ်စဉ် ၁၃့၅ သန်းဖြစ်တယ်။ အတိုးနှုန်းက များတာအပြင် တရုတ်ကနေခြည်ထားတဲ့ ကြိုးတခုက တရုတ်ပစ္စည်းသာ ဝယ်သုံး ရမယ်တဲ့။ ဈေးနှုန်းကလည်း တရုတ်တောင်သလိုပေးရမယ်တဲ့။ အစိုးရစက်မှုဝန်ကြီးဌာန အောက်က စက်ရုံတွေလည်ပတ်နိုင်အောင် တရုတ်ဆီက အကြွေးယူထားကြတယ်။ အကြွေးတွေ မကျေသေးဘူး။ ဒါကြောင့် အကြွေးယူလို့ အကျိုးကျေးဇူးမခံစားရပါ။ အစိုးရသစ် တက်လာတော့ တခြားနိုင်ငံတွေလို တရုတ်ဟာ အစိုးရသစ်တက်လာစဉ်က အကြွေးလျှော်ပေးတာ မရှိခဲ့ပါ။ ငွေလဲလှယ်နှုန်းကနေလည်း အဆိုးကိုပိုဆိုးစေနေပါသေးတယ်။ Exim bank ကယူတဲ့သန်း ၁ဝဝ ကို MFTB ကအရင်ရပြီး မြန်မာ့စီးပွားရေးဘဏ် (MEB) ဆီကို ကျပ်ငွေနဲ့ရောက်တယ်။ ကျပ် ၉၇ ဘီလီယန်ဖြစ်တယ်။ ဝန်ကြီးဌာနတွေက တရုတ်ကို ပြန်ဆပ်ရင် ဒေါ်လာနဲ့ဆပ်ရမယ်။ လက်ရှိပေါက်ဈေးက ၁ဝ၄၃ ကျပ်ဖြစ်လို့ ၁ဝ၄ ဘီလီယန် ဆပ်ရမယ့်သဘောဖြစ်တယ်။ ဦးကျော်ဆန်းအနေနဲ့ အဲဒီအရှုံးကို တွက်ဆမိရဲ့လား၊ ဘယ်လိုဖြေရှင်းမလဲကိုပါ ဖြေရလိမ့်မယ်။ တကယ်လို့ သမဝန်ကြီးဌာနကနေ အကြွေးမပေးနိုင်ရင် ဒီဝန်ထုပ်ဝန်ပိုးကြီးက လူထုအပေါ် ကျရောက်မယ်။ အခွန်ငွေနဲ့ဆပ်ဘို့လုပ်မယ်။ ဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်သိန်းက ၂ဝ၁၄ စက်တင်္ဘာ ၁၄ ရက်နေ့က လွှတ်တော်မှာ ဖြေတော့ ပြည်သူလူထုဆီက ကောက်တဲ့အခွန်ကနေ အကြွေးဆပ်နေပါသတဲ့။ ပေါက်ထွက်လာတဲ့တသတင်းအရ အရင်စစ်အစိုးရဟာ အကြီးစားအခြေခံအဆောက်အုံ တည်ဆောင်ဖို့ ဆိုပြီး တရုတ်ဆီကနေ ဒေါ်လာ ဘီလီယန် ၃ဝ ချေးယူဖို့ စီစဉ်ခဲ့တယ်။ အဲတာကို လူထုက သိခွင့်မရခဲ့ဘူး။ အတိုးနှုန်းလည်း မသိရဘူး။ လက်ရှိအစိုးရကလည်း လျှို့ဝှက်ထားတယ်။ တကယ်လို့ အကြွေးရတယ်သာဆိုရင် တရုတ်ကို နှစ်စဉ် အတိုးသက်သက် စုစုပေါင်း ဒေါ်လာ သန်း ၁၈ဝ ပေးနေရလိမ့်မယ်။ ၂၅-၅-၂ဝ၁၅ နေ့သတင်းအရ ဦးကျော်ဆန်းကတရုတ်ဆီကချေးငွေနဲ့  တိုင်းပြည်တခုလုံးက လူသစ်တွေကို မေလနဲ့ ဇွန်လထဲမှာ ငွေထုတ်ချေးလို့ဆိုပါတယ်။ ကျပ်ငွေ ၉၂၇ဝ၅့၎ဝ၉ သန်းဖြစ်တယ်။ လူဟောင်းတွေအတွက် ကျပ်ငွေ ၇ဝ၅၂၇့၈၉ သန်းဖြစ်ပါမယ်တဲ့။ အဲဒီအကြွေးကို ဦးကျော်ဆန်းက ရွေးကောက်ပွဲအတွက် သုံးနေတာတွေ့လာရတယ်။ လယ်သမားတွေကို အမတော်ကြေးဆိုပြီး ချေးပေးတယ်။ ပြည်ခိုင်ဖြိုးအတွက် မြို့နယ်ပေါင်း ၂၅ဝ မှာ တရုတ်ဆီက အဲလို ချေယူထားတဲ့ငွေတွေကို အသုံးချတယ်။ လွှတ်တော်မှာ ဒေါ်ခင်မွှေးလွင်၊ ဒေါ်ခင်စန်းလှိုင်နဲ့ ဦးဝင်းမြင့်တို့က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ ဦးကျော်ဆန်းကခုခံတယ်။ သူပြောတာက သန်း ၂၂ဝ ကို လူသစ်တွေနဲ့ သန်း ၅ဝ ကို လူဟောင်းတွေကို ချေးပေးမယ်၊ သန်း ၃ဝ ကို လယ်ယာသုံး စက်တွေ ဝယ်မယ်လို့ဆိုပါတယ်။ ဦးကျော်ဆန်းဟာ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာလာပြီး ၂ဝ၁၅ မဲဆွယ်ပွဲတုံးက  သူ့ဝန်ကြီးဌာနကနေ ထွန်စက်တွေပေးကြောင်း ထည့်ပြောပါတယ်။ ဗိုလ်နေဝင်း ချေးခဲ့တာတွေကို ဗိုလ်ချုပ်သန်းရွှေ မဆပ်ခဲ့ဘူး။ ဗိုလ်သန်းရွှေချေးတာကိုလည်း ဦးသိန်းစိန်အစိုးရက မဆပ်ဘူး။ အဲတာကြောင့် ဗိုလ်နေဝင်း + ဗိုလ်သန်းရွှေ + ဗိုလ်သိန်းစိန် (ဗိုလ်ကျော်ဆန်း) ချေးတာအားလုံးဟာ နောက်အစိုးရနဲ့ ပြည်သူလူထုခေါင်းပေါ်မှာ တာဝန်ကျနေပြီ။ ၂ဝ၁၅ ရွေးကောက်ပွဲဟာ အတော်ဈေးကြီးတယ်။ လုပ်ရက်သူတွေဟာ ဦးနှောက် အတော်တိမ်လွန်းတယ်။ ရက်စက်တယ်။ ပြည်သူလူထုကို ဆင်းရဲတွင်း ပိုနက်စေတယ်။ အဲလို ကြွေးယူ လူထုအဆပ်ခိုင်းတဲ့ပါတီကို မဲပေးကြအုံးမှာလား။ ဒေါက်တာတင့်ဆွေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024