ကုလ နျူကလီးယား စောင့်ကြည့်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် အီရန်ရောက်
ကုလသမဂ္ဂ လက်အောက်ခံ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်ဟာ စက်တင်ဘာ ၂၀ ရက်နေ့က အီရန်နိုင်ငံကို ရောက်ရှိနေပါတယ်။
အိုင်အေအီးအေအဖွဲ့ အကြီးအကဲဟာ အီရန်သမ္မတ ဟက်စန် ရူဟာနီ၊ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရီ၊ အီရန် နျူကလီးယား စွမ်းအင်အဖွဲ့ အကြီးအကဲ အာလီ အဘာ ဆာဟီ၊ အီရန် နျူကလီးယားအရေး ပြောခွင့်ရသူ ဘာရွတ် ကမ္မယ်ဗန်ဒီတို့နဲ့ တွေ့ဆုံပါတယ်။
အိုင်အေအီးအေအဖွဲ့ဟာ အီရန်က နျူကလီးယား လက်နက်ကိုရဖို့ ကြိုးစားနေသလား ဆိုတာကို စုံစမ်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
အဖွဲ့ရဲ့ အကြီးအကဲ အမန်နိုရဲ့ အီရန်ခရီးစဉ်မှာ ကိုယ်စားလှယ်အဖွဲ့ဝင် ၄ ဦးလည်း လိုက်ပါသွားပါတယ်။
ဇူလိုင် ၁၄ ရက်နေ့က အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ သဘောတူညီချက်အရ အိုင်အေအီးအေ အနေနဲ့ စစ်ရေးအတွက် ဖြစ်လာနိုင်ချေရှိတဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို စစ်ဆေးခွင့် ရရှိဖို့ ကြိုတင် ပြင်ဆင်နေပါတယ်။
ဒီလို စစ်ဆေးခွင့်ပေးတာဟာ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အရေးကြီးတဲ့ အပိုင်းဖြစ်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းရေးမှာလည်း အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။