A d v e r t i s e m e n t With Us

အပစ်ရပ် လက်မှတ်ထိုးပွဲအတွက် ပူးတွဲကော်မတီဖွဲ့ရေး ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း

နှစ်ဘက် အပစ်ရပ်လက်မှတ်ထိုးကြမယ့်ရက် သတ်မှတ်နိုင်ရေးနဲ့ စာချုပ်လက်မှတ်ထိုးပွဲအတွက် ပူးတွဲကော်မတီဖွဲ့ကြဖို့ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် တစုံတရာ ဆုံးဖြတ်လုပ်ဆောင်နိုင်ခြင်း မရှိဘဲ စည်းဝေးပွဲ ပြီးဆုံးသွားပါတယ်။ ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခု ခေါင်းဆောင်တို့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး အောက်တိုဘာ ၃ ရက် နှစ်ဘက်ပြန်တွေ့ကြဖို့ သဘောတူလိုက်ကြတဲ့အကြောင်း စည်းဝေးပွဲတက်ခဲ့တဲ့ ကေအန်ယူ ကရင်အစည်းအရုံး၊ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ “ဒီနေ့ပွဲက ဆုံးဖြတ်ချက် တိတိကျကျ ရတာမျိုးတော့ မရှိဘူး၊ ဒါပေမယ့် နောက်ထပ်အစည်းအဝေးကို အောက်တိုဘာ ၃ ရက်မှာ ပြန်ခေါ်မယ်လို့တော့ နှစ်ဘက် သဘောတူညီချက် ရခဲ့တယ်။ အဲ့ဒီမှာ လက်မှတ်ထိုးဖို့ အခမ်းအနားမှာ ပူးတွဲပြီး ကော်မတီဖွဲ့တာ၊ တာဝန်ခွဲဝေယူမှု လုပ်တာမျိုးတွေကို ၃ ရက်နေ့ကျမှပဲ နောက်ဆုံး လုပ်ပြီးတော့ ဆုံးဖြတ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” အစိုးရက လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားတဲ့ ၁၅ ဖွဲ့ထဲက ၈ ဖွဲ့ကိုယ်စားလှယ်တွေပဲ  ဒီနေ့ စည်းဝေးပွဲကို တက်ရောက်ခဲ့ကြတာဖြစ်ပြီး ထူးထူးခြားခြား NDAA လို့ခေါ်တဲ့ မိုင်းလားအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်လာတာပဲဖြစ်တယ်လို့ ပြောပါတယ်။ PNLO, ALP, DKBA, SSPP, KNU, NDAA, KNU/KNLA-PC, ABSDF စတဲ့ တပ်ဖွဲ့ကိုယ်စားလှယ် တို့ တက်ရောက်ခဲ့ပြီး အစကတော့ ဒီစည်းဝေးပွဲကနေ လက်မှတ်ထိုးကြမယ့်ရက် နှစ်ဘက်ညှိနှိုင်း သတ်မှတ်မယ်၊ NCA လက်မှတ် ထိုးရေးနဲ့ ပတ်သက်ပြီး အခု အစည်းအဝေးကနေ ပူးတွဲကော်မတီ တရပ်ဖွဲ့ကြမယ်လို့ ဆိုထားခဲ့တာပါ။ အစိုးရက သူ့ သတ်မှတ်ကာလအတွင်း တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးနိုင်ရေး ခြေလှမ်းသွက်သွက်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး တိုင်းရင်းသားတို့ဘက်ကတော့ ခုချိန်ထိ ဘယ်နှဖွဲ့ လက်မှတ်ထိုးကြမလဲဆိုတာ သဲသဲကွဲကွဲ မရှိသေးပါဘူး။ ဒီလကုန်ပိုင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ စည်းဝေးပွဲ လုပ်ဖို့ရှိပြီး ဒီစည်းဝေးကနေ လက်မှတ်ထိုး မထိုး ဆုံးဖြတ်ပေးမှာ မဟုတ်ဘဲ တပ်ဖွဲ့တဖွဲ့ချင်းစီကပဲ ဆုံးဖြတ်ကြရမယ်လို့ စုံစမ်းသိရှိရပါတယ်။ အစိုးရကတော့ သူတို့ဘက်က လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်ပြီဆိုပြီး အောက်တိုဘာ ပထမပတ်အတွင်း အပစ်ရပ်စာချုပ်လက်မှတ်ဖိုးကြဖို့ ကမ်းလှမ်း ဖိတ်ခေါ်ထားပါတယ်။ ဓာတ်ပုံ -Nyo Ohn Myint  

A d v e r t i s e m e n t With Us

More News
Up