ကမ္ဘာ့အကြီးဆုံး ဘီယာပွဲတော် ဂျာမနီတွင် ကျင်းပ(ရုပ်သံ)
ကမ္ဘာ့အကြီးဆုံးဘီယာပွဲတော်ဖွင့်ပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့က ဂျာမနီ နိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပခဲ့ပြီး တကမ္ဘာလုံးက ခရီးသွားဧည့်သည်တွေ လာရောက်ခဲ့ကြပါတယ်။
ဒီပွဲတော်ဟာ ၂ ပတ်ကြာကျင်းပတာဖြစ်ပြီး မနှစ်ကပွဲတော်မှာ ဘီယာလီတာ ၇ သန်းနီးပါး ရောင်းချနိုင်ခဲ့ပြီး ဘီယာမတ်ခွက်တခွက်ကို ယူရိုငွေ ၁၀ ကနေ ၁၀ ဒဿမ ၄ နဲ့ရောင်းချတာဖြစ်ပါတယ်။
ရိုးရာပွဲတော်အဖြစ် နှစ်စဉ်ကျင်းပတဲ့ ဒီပွဲတော်ကိုလာတဲ့ ဧည့်သည်တွေရဲ့ ၂၀ ရာ ခိုင်နှုန်းဟာ နိုင်ငံတကာမှဖြစ်ပြီး ဒီနှစ်မှာတော့ ပရိတ်သတ် ၆ သန်းကျော်လာရောက် မယ်လို့ ပွဲစီစဉ်သူတွေက မျှော်မှန်းထားကြတာ ဖြစ်ပါတယ်။
၁၈၂ ကြိမ်မြောက် ကျင်းပတဲ့ ပွဲတော်ကို မြူးနစ်မြို့တော်ဝန် ဒိုင်းယက်တာရိုင်တာ တက်ရောက်ခဲ့ပါတယ်။
“ဒီနှစ်မှာတော့ ကျနော်တို့ အထူးသဖြင့် ဒီပွဲတော်ကိုငြိမ်းချမ်းတဲ့ပွဲတော်ဖြစ်စေ ချင်ပါတယ်။ တဖက်မှာ ရွှေ့ပြောင်းသွားလာသူတွေပဋိပက္ခတွေဖြစ်နေချိန်မှာ တချိန်တည်းမှာပဲ မြူးနစ်မှာ ပါတီကျင်းပနိုင်တယ်ဆိုတာကို ပြချင်တာပါ။”
အဲဒီပွဲတော်ကို လာမယ့်အောက်တိုဘာ ၄ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။