မိကျောင်းများ နှင့် မိုက်ရူးရဲဆန်ဆန် ဓာတ်ပုံရိုက်ခဲ့သည့် အီတလီရေငုပ်မယ်
အီတလီနိုင်ငံသူ ရေငုပ်မယ် ရိုဘာတာမန်စီနိုဟာ အရှည် ၄ မီတာရှိတဲ့ အမေရိ ကန်မိကျောင်းတကောင်နဲ့ မက္ကဆီကို ပင်လယ်ကွေ့အနီးက အိုင်တခုထဲမှာ ရေကူးပြီး ထူးထူးခြားခြား ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။
မက္ကဆီကို ကမ်းရိုးတန်းကနေ မိုင် ၃၀ အကွာမှာတည်ရှိတဲ့ အဲဒီအိုင်မှာ တွားသွား သတ္တ၀ါကောင်ရေ ၇၀၀ လောက်ရှိပြီး သူဟာ မိကျောင်းတွေရဲ့ ပြုမူနေထိုင်ပုံတွေကို လေ့လာဖို့ စိတ်အားထက်သန်ခဲ့တယ်လို့ သတင်းကဆိုပါတယ်။
ဒီနှစ်ဇွန်လတုန်းက ၅ ရက်ကြာရိုက်ကူးခဲ့တဲ့အချိန်အတွင်း ရေငုပ်မယ် ရိုဘာတာ မန်စီနိုဟာ မိကျောင်းတွေ နဲ့ ၁၀ နာရီလောက် ရေကူးခဲ့ရတာဖြစ်ပါတယ်။
သူက “ကျမရေကူးရင်း ဓာတ်ပုံအတူရိုက်ချင်တဲ့ တိရစ္ဆာန်တွေစာရင်းရှိပါတယ်။ ခုလို မိကျောင်းနဲ့အတူ ရေကူးပြီးဓာတ်ပုံရိုက်တာကတော့ ကျမအိပ်မက်တွေထဲကတခုပါ” လို့ ပြောပါတယ်။
“လူတိုင်းကို မိကျောင်းတွေနဲ့အတူ ရေကူးရမယ်လို့ ကျမ မဆိုလိုပါဘူး။ ဒါပေမယ့် မိကျောင်းတွေဟာ ဆိုးဝါးတဲ့သတ္တ၀ါတွေမဟုတ်ဘူးဆိုတာကို ပြချင်တာပါ။”