ဒေါက်တာ သန့်မြင့်ဦး ဖူခုအိုခ အာရှယဉ်ကျေးမှုဆိုင်ရာဆု တက်ရောက်ရယူ
ဇော်ဇော်လှိုင်
·
September 19, 2015
၂၆ ကြိမ်မြောက် ဖူခုအိုခ အာရှယဉ်ကျေးမှုဆိုင်ရာဆုပေးပွဲကို စက်တင်ဘာ ၁၈ ရက်နေ့က ဂျပန်နိုင်ငံ ဖူခုအိုခမြို့မှာ ကျင်းပခဲ့ပြီး ဆုရရှိသူ ဒေါက်တာသန့်မြင့်ဦးက တက်ရောက်ရယူခဲ့ပါတယ်။
ဖူခုအိုခ အာရှယဉ်ကျေးမှုဆိုင်ရာဆုဟာ အာရှက မတူကွဲပြားတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၀ ပြည့်နှစ်က စတင် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ဒီဆုဟာ အာရှတိုက်ရဲ့ ရှေးအစဉ်အဆက်က ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို စောင့်ရှောက်ဖို့နဲ့ အချင်းချင်းပေါင်းကူးပေးတာကြောင့် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးအဓိပ္ပာယ်ရှိတဲ့ ဆုဖြစ်တယ်လို့ ဆုပေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆုပေးပွဲကို ဂျပန်အိမ်ရှေ့မင်းသား အခိရှိနို နဲ့ ကြင်ယာတော်တို့  တက်ရောက်ခဲ့ပါတယ်။
သမိုင်းပညာရှင်တဦးလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ ဒေါက်တာသန့်မြင့်ဦးဟာ ဟားဗတ်နဲ့ ကိန်းဗရစ် တက္ကသိုလ်တွေမှာ သမိုင်းဘာသာသင် ဆရာတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရုံး နိုင်ငံခြားရေးရာဌာန မူဝါဒ စီမံကိန်းရေးဆွဲရေးဌာန အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။