သြစတြေးလျတွင် အမွေးပွဝက်ဝံရုပ်ကြီးထဲမှ လက်နက်ခဲယမ်းများ တွေ့ရှိ (ရုပ်သံ)
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အိမ်တလုံးက တဒ်ဒီ အမွေးပွ ဝက်ဝံရုပ်ထဲမှာ ဝှက်ထားတဲ့ ပစ္စတို သေနတ် ၂ လက်၊ ကျည်ကတ် ၃၂ ကတ်၊ ခဲယမ်းမီးကျောက်တွေ၊ ငွေသားတွေနဲ့ စာရွက်စာတမ်းတွေကို စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ခဲ့တယ်လို့ နယူးဆောက်သ်ဝေးပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတွေက မျှဝေတဲ့ ရုပ်သံထဲမှာ အရာရှိတွေက ဝက်ဝံရုပ်ထဲက ပစ္စည်းတွေ ဆွဲထုတ်နေပုံကို ပြထားပါတယ်။ ပစ္စည်း ၂ ခုကိုတော့ ခြေထောက်တွေထဲမှာ ထည့်ထားတာပါ။
၂၀၁၂ အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ လက်နက်တွေကို နိုင်ငံခြားကနေ တရားမဝင် တင်သွင်းနေခဲ့တယ်လို့ ရဲက ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးထားပါတယ်။ သူ့ကိုတော့ အခွင့်မရှိဘဲ ကန့်သတ် ဟန့်တားထားတဲ့ ခဲယမ်းမီးကျောက်တွေနဲ့ပစ္စတို သေနတ်ကို ပိုင်ဆိုင်မှု၊ မှတ်ပုံတင်မထားတဲ့ လက်နက်တွေ ပိုင်ဆိုင်မှုနဲ့ လက်နက်တွေကို ဘေးကင်းအောင် မထားမှု၊ ရာဇဝတ်မှု ဖြစ်စေနိုင်တဲ့ နမော်နမဲ့ ဆက်သွယ်မှုတွေနဲ့ တရားစွဲထားပါတယ်။