Home
မေးမြန်းခန်း
မဲစာရင်း မှားယွင်းမှု၊ မပြည့်စုံမှုများအပေါ် အမြင်များ
အေးနိုင်
·
September 19, 2015
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင် အမည်စာရင်းကို ထုတ်ပြန်ရာမှာ အမှားအယွင်း များနေတာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။ ဦးစိုင်းညွန့်လွင် (အတွင်းရေးမှူး - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) “တကယ့်လက်တွေ့ကတော့ဗျာ အခုကပ်ထားတယ်၊ ၁၄ ရက်အတွင်း ပြင်နိုင်မယ်လို့၊ ဒါပေမယ့်လို့ ကြုံတွေ့နေရတဲ့ လက်တွေ့အခြေအနေက နယ်တွေမှာကျတော့ ရန်ကုန်နဲ့ မတူဘူးဗျ။ အဝေးကြီး လာရတယ်လေ။ အဝေးကြီး လာကြည့်ရတယ်။ ဒုတိယတချက်က မြန်မာစာ ကောင်းကောင်းမတတ်တဲ့အချက်၊ တတိယတချက်က ပြန်လာကြည့်တဲ့အချိန်မှာ မဲစာရင်းတွေက သူက အိမ်ထောင်စုတွေက ဟိုရောက်ဒီရောက် အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။ ခါတိုင်းနဲ့ မတူဘူးပေါ့လေဗျာ။ သူတို့ ဘယ်လိုစနစ်လဲတော့ မသိဘူး၊ ထူးထူးခြားခြား ဖြစ်နေတယ်။ အဲဒီ ၃ ချက်ကို တွေ့တယ်။ ကျနော်တို့ မဲစာရင်းကို ပြင်ဖို့ကျတော့ ကျနော်တို့ ကိုယ်စားလှယ်တွေက အတတ်နိုင်ဆုံး သွားကြတယ်။ ဒါပေမယ့် အားလုံးနှံ့အောင် ဒီ ၁၄ ရက်အတွင်းသွားဖို့ မလွယ်တော့ဘူး။ ပြင်ဖို့ သိပ်မလွယ်တော့ဘူးပေါ့။ အဲဒီတော့ ကျနော်ပြောချင်တာကတော့ဗျာ အဓိကကတော့ ကော်မရှင်က သူတို့စနစ်ပေါ့ဗျာ၊ ဘယ်လိုစနစ်သုံးလဲတော့ မသိဘူး။ "သူတို့ တာဝန်ယူပြီးတော့ လုပ်ဖို့လိုတယ်ဗျ။ ပြည်သူလူထုကို လာကြည့်ခိုင်းတယ် ဆိုတာတော့ မြို့ပေါ်မှာတော့ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့်လို့ ပြည်နယ်တွေ၊ အထူးသဖြင့် ပြည်နယ်တွေပေါ့ဗျာ၊ တိုင်းဒေသကြီးမှာလည်း ရှိပါတယ် အဲလို စာမတတ်တဲ့သူတွေ။ လူထုကိုလာကြည့်ခိုင်း၊ လူထုကို participants လုပ်ခိုင်းတာပေါ့ဗျာ၊ အဲဒီအပိုင်းတွေကျတော့ တကယ့်လက်တွေ့မှာတော့ အနောက်ဥရောပလိုပဲ နိုင်ငံတကာမှာရှိတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ဆီမှာ လုပ်လို့မရဘူး။ ကျနော်တို့ဆီမှာ အများကြီးနောက်ကျတယ်။ အဲဒီတော့ တော်တော်လေး အများကြီး အခက်အခဲရှိတယ်။ ဒီအချိန်မှာတော့ ဘာမှလည်း မတတ်နိုင်တော့ဘူး။  နိုင်ငံသားတယောက်အတွက် မဲပေးခွင့်မရဘူးဆိုရင် သူ့အတွက် ဆုံးရှုံးတာပေါ့။ "နိုင်ငံသားတိုင်းဆိုတာ ကိုယ့်နိုင်ငံသားရဲ့ တာဝန်ရှိတယ်ဗျာ၊ ရပိုင်ခွင့်တွေရှိတယ်။ ရပိုင်ခွင့်ရှိသလို တာဝန်လည်း ရှိတယ်ဗျာ။ အခု ကျနော်တို့လူတွေက ရပိုင်ခွင့်ရှိမှန်းလည်း မသိဘူး။ သူတို့ကို ဗိုလ်ကျသွားတယ်၊ ရပိုင်ခွင့်ထဲက ဗိုလ်ကျသွားတယ်၊ အဲဒါလည်း သူတို့ မသိရှာဘူး။ တာဝန်ကိုလည်း နိုင်ငံတော်အပေါ် တာဝန်ကျေပွန်အောင် လုပ်ရမယ်ဆိုတာလည်း အဲဒီအပေါ်မှာလည်း သူတို့ နားမလည်ရှာဘူး။ နိုင်ငံသားတဦးချင်းပေါ်မှာလည်း အခက်အခဲ ဖြစ်တယ်၊ ဆုံးရှုံးမှုတွေဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတော်အပိုင်းမှာလည်း တကယ့် လူထုရဲ့ ဆန္ဒအမှန်ရဖို့ ဆိုတာလည်း အများကြီး အလှမ်းဝေးသွားတယ်။ ၂ ဘက်စလုံးမှာ နစ်နာသွားတယ်။ အခု  မဲစာရင်းပြန်ပြင်ဖို့က လောလောဆယ် အချိန်က မရဘူး။ နောက်ကျတော့ ဒါကို ပြင်ရမှာပေါ့။ မှားနေတာဆိုတော့ ပြင်ရမှာပေါ့။” ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) “ကျမတို့ကတော့ ဒါ ပြည်သူလူထုက မဲစာရင်း အလွယ်တကူ မစစ်နိုင်တော့ဘူး။ အဲဒီတော့ လူထုက မဲသွားပေးဖို့ကို စိတ်ကုန်တဲ့သဘောပေါ့။ အဲဒီတော့ လူထုအနေနဲ့ မဲပေးဖို့ကို မျှော်လင့်ထားတဲ့ဥစ္စာကို အခုမဲစာရင်းကြောင့် မဲရုံသွားဖို့ကို တွန့်ဆုတ်သွားကြပြီလေ။ အဲဒါတော့ ကျမတို့အတွက် မကောင်းဘူးပေါ့လေ။ နိုင်ငံမှာ နိုင်ငံရေးမှာ ပြည်သူတွေ စိတ်ဝင်စားပြီးတော့ မဲလာပေးမှသာလျှင် အဲဒီနိုင်ငံရဲ့ အစိုးရကောင်းတခုကို ဖန်တီးနိုင်မှာကိုး။ အဲဒီတော့ အခု မဲရုံကို သွားချင်စိတ်ပျောက်တယ် ဆိုတာဟာ ကျမတို့အတွက် အလားအလာ သိပ်မကောင်းဘူးပေါ့။ "ဒီမှားယွင်းမှုနဲ့ ပတ်သက်လို့ မေးမြန်းချက်အပေါ်ပြောရရင် ကျမကတော့ မသိဘူး၊ ကျမ မေးကြည့်တဲ့ အခါကျတော့ ကော်မရှင်က ပြောတာကတော့ သူတို့ထောက်ပံ့နေတဲ့ အဖွဲ့အစည်းက ဆော့ဖ်ဝဲလ်ပြောင်းလိုက်တယ်လို့ ပြောတယ်။ ဆော့ဖ်ဝဲလ်ပြောင်းလိုက်တဲ့ အတွက်ကြောင့်မို့လို့ ဒီလိုမျိုး အစီအစဉ် မကျတာတွေ၊ အခုလိုမျိုး အဆင်မပြေမှုတွေ ဖြစ်လာတာလို့ ကျမသိရတယ်။ "အဲဒီတော့ မူလဆော့ဖ်ဝဲလ်ကို ပြန်ပြီးသုံးပါစေလို့ပဲ ဆုတောင်းရမှာပဲ လာမယ့် ရွေးကောက်ပွဲမှာလေ။ ကျမတို့ကတော့ ဘာမှ မတတ်နိုင်ဘူးပေါ့လေ။ ဒီလောက်တောင် အမှားအယွင်း၊ အမှားအယွင်းရယ်လို့ မဟုတ်ဘူး လူတွေက အလွယ်တကူ ကိုယ့်နာမည်ကို ရှာလို့ (မဲစာရင်းမှာ) မရတော့တာ။ ရှာဖို့ခက်သွားတဲ့သဘော ဖြစ်သွားတာပေါ့နော်။ အဲဒီတော့လည်း မလုပ်ချင်ကြတော့ဘူးပေါ့။ သူတို့ပြောတာက ရပ်ကွက်တခုနဲ့တခု မတူပါဘူး၊ ကျမကို တချို့ရပ်ကွက်တွေကလည်း တော်တော်စိတ်ဆိုးဆိုးနဲ့ လှမ်းပြီးတော့ တိုင်ကြတာပေါ့။ "တချို့ရပ်ကွက်တွေက ကျတော့လည်း အေးအေးဆေးဆေးပါပဲ။ ဒါပေမယ့် တချို့ရပ်ကွက်တွေကကျတော့ သူတို့ဆီမှာ နေရပ်လိပ်စာ မပါတဲ့လူတွေ အများကြီး ပါနေတယ် ဆိုပြီးတော့ စိုးရိမ်သောက ရောက်ပြီးတော့ လာတင်ပြကြတာတွေလည်း ရှိတယ်။ ဥပမာအားဖြင့် နေရပ်လိပ်စာ မသိတဲ့လူတွေ ပါနေခြင်းအားဖြင့် ဒီလူတွေဟာ မိုးပေါ်ကကျလာတဲ့ လူတွေလားပေါ့။ သူတို့ မဲစာရင်းစစ်လို့ အဆင်မပြေဘူးပေါ့နော်။ အဲဒီတော့ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းမှာ နေရပ်လိပ်စာမရှိတဲ့ လူတွေကို မဲပေးခွင့်ရှိသူအနေနဲ့ ထည့်ထားလို့ရှိရင် ကျမတို့ ဒီရလဒ်အပေါ်မှာပေါ့နော် မှန်ကန်တယ်လို့  ဘယ်လိုလုပ်ပြောမလဲ ဆိုတာတွေပေါ့နော်။ သူတို့ရဲ့ စိုးရိမ်မှုတွေကို အသီးသီး တင်ပြကြပါတယ်။ ကျမတို့ကလည်း သူတို့တင်ပြတာတွေကို မြို့နယ်ကော်မရှင်ကို ပြန်လည်တင်ပြလိုက်တာပါပဲ။ နောက်ဆုံးတော့ ကော်မရှင်က အဆုံးအဖြတ်က အတည်ပဲဖြစ်မှာပါပဲ။” ဦးမြအေး (ရှစ်ဆယ့်ရှစ်မျိုးဆက် - ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) “၈၈ အနေနဲ့တော့ဗျာ အခုအချိန်မှာ မဲစာရင်းတွေနဲ့  ပတ်သက်ပြီးတော့ ပြည်သူလူထုကို မဲစာရင်း ကိုယ်တိုင်သွားကြည့်ဖို့ ကျနော်တို့ လှုံ့ဆော်တယ်။ နောက်တခုက စစ်ဖို့လှုံ့ဆော်တယ်။ အမှားအယွင်းတွေ ဖြစ်နေတယ်ဆိုလို့ရှိရင်လည်း ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မဆုံးရှုံးရအောင် တင်ပြဖို့ဆိုတဲ့ ကိစ္စရပ်မျိုးကို ကျနော်တို့လုပ်တယ်ဗျာ။ သို့သော်လည်းပဲ ဟုတ်တယ်ဗျ၊ မဲစာရင်းတွေက ပထမတခေါက် ထွက်တော့လည်းမှား၊ အခုလည်း မှားပြန်တယ်ဆိုတဲ့ အခါကျတော့ ဘယ်လိုမှ အချိန်ကပ်နေပြီးတဲ့ အခါကျတော့ ပြင်ဖို့ဆင်ဖို့ဆိုတာ တော်တော့်ကို ခက်ခဲတဲ့ အခြေအနေ ရောက်သွားပါပြီ။ အဲဒီတော့ နဂိုမူလအတိုင်း ပြောမယ်ဆိုလို့ရှိရင်တော့ ဒီရွေးကောက်ပွဲ အနေနဲ့က နဂိုကမှ သံသယတွေ ပွားစရာတွေ အများကြီး ရှိနေတဲ့ကြားမှာ ဒီမဲစာရင်းမှားတာက အစပြုပြီး သံသယ ပိုကြီးထွားလာနိုင်စရာတွေ ရှိတယ်ဆိုပြီး ကျနော်တို့က အဲလိုသုံးသပ်ထားပါတယ်။ (ဒီမဲစာရင်းမှားယွင်းမှုအပေါ် ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ရေး တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းတဲ့အပေါ် မေးမြန်းချက်ကို) ဒီလိုလေဗျာ ကျနော်တို့ အခုသွားနေတဲ့နေရာမှာ တချို့တချို့ စံထိုးပြီးတော့မှ ချိန်ဆစဉ်းစားတဲ့အခါမှာ ကျနော်တို့က ဒီမိုကရေစီ အသားကျတဲ့ နိုင်ငံကြီးတွေနဲ့ ချိန်ထိုးစဉ်းစားကြတယ်။ စံ၊ သဘောတရားတွေနဲ့ပဲ ချိန်ထိုးစဉ်းစားကြတာများတယ်။ "အဲဒါအမှန်တခု မဟုတ်သေးဘူး။ ပြောချင်တာကဗျာ ၂၀၁၀ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အာဏာ ၃ ရပ်ခွဲဝေမှုပါတဲ့ ပုံစံရော၊ နောက် ဒီမှာရှိနေတဲ့ အာဏာယန္တရားကို လည်ပတ်နေတဲ့ ယန္တရားပဲ့ကိုင်ရှင်တွေ အားလုံးနီးပါးဟာ စစ်တပ်ကလာတဲ့ လူတွေချည်းပဲ ဆိုတာကို ကျနော်တို့ သတိမပြတ် သိထားစေချင်တယ်လို့ ကျနော်ထင်တယ်လေ။ ဆိုလိုတာက။ အဲဒီတော့ ခုနက ကျနော်ပြောသလိုပေါ့ဗျာ ဒီဟာကတော့ဗျာ အရပ်စကားနဲ့ပြောရရင် ကိုယ့်ဖဲကိုယ် ကုလားဖန်ထိုးပြီး ကိုယ့်ဟာကိုယ်ချိုး၊ ကိုယ့်ဟာကိုယ်ဝေ၊ ကိုယ့်ဟာကိုယ် ဒိုင်လူကြီးလုပ်တာနဲ့ အတူတူပါပဲ။” ဦးဇိုဇမ် (ပြောခွင့်ရသူ - ညီနောင်တိုင်းရင်းသားများ ဒီမိုကရက်တစ်မဟာမိတ်) “မဲစာရင်းနဲ့ ပတ်သက်လို့ကတော့ အမှားတော့ မကင်းဘူးပေါ့နော်။ ကျနော်တို့ဒေသမှာ မဲစာရင်း ရိုးရိုးသားသား မှားတာထက်စာရင် ကြိုတင်မဲကိစ္စ၊ နောက်တိုးမဲကိစ္စ၊ အဲလိုဟာတွေ ကျနော်က မယုံတာ။ တရားမျှတမှု တကယ်ကောလုပ်နေသလား၊ အဲဒါကို ကျနော်တို့က စိုးရိမ်နေတာ။ အဓိကတော့ မဲစာရင်း မှန်ကန်စွာ ရဖို့ဆိုတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ အတိအကျ ၁၀၀ မှာ ၁၀၀ ရာခိုင်နှုန်း မှန်ဖို့ကတော့ လုံးဝမလွယ်ပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ သူတို့ မဲစာရင်းထည့်တဲ့အခါကျရင်တော့ ကျနော်တို့ရွာတွေမှာ ဆိုလို့ရှိရင် ကျနော်တို့ အပိုင်းမှာတော့ ဒါ ပြဿ နာသိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရွာမှာ ကိုယ်ထည့်ကြတယ် ဆိုတော့လေ။ ကိုယ်နဲ့ရင်းနှီးတဲ့ ရယကဥက္ကဋ္ဌတို့ ဘာတို့ သူတို့ကိုယ်တိုင်ကလည်းပဲ အဲဒါလုပ်တဲ့ အနေအထားမှာ ရှိပါတယ်။ ကျေးရွာပိုင်းမှာက သိပ်မစိုးရိမ်ဘူး။ မြို့နယ်ကော်မရှင်ခွဲ ရောက်တဲ့အခါမှာ Data (အချက်အလက်) သွင်းတဲ့အခါမှာ ကျနော်တို့က စိုးရိမ်တယ်။ Data သွင်းတဲ့အခါမှာ ကျနော်တို့က ကြည့်လို့မရဘူးလေ။ မဲစာရင်းဘယ်လောက် အမှန်အကန်ထည့်၊ မထည့်ဆိုတာ ကျနော်တို့ ဘယ်လိုစစ်လို့ရမှာလဲ။ ကွန်ပျူတာနဲ့ လုပ်မယ်ဆိုတော့ ကျနော်တို့က အဲဒါပိုပြီးတော့ စိုးရိမ်နေတာ။ “မှန်ကန်အောင်ဆိုတာက ကျနော်တို့အပိုင်းကတော့ တာဝန်ကျေပါတယ်။ တာဝန်ကျေတယ် ဆိုတာက သူတို့ကော်မရှင်အနေနဲ့ လုပ်ခိုင်းတဲ့ဟာတွေ အကုန်လုံး လုပ်ပါတယ်။ နောက်ဆုံး ကော်မရှင်ရဲ့တာဝန်က ဒိုင်လူကြီးပဲလေ။ ဒိုင်လူကြီးအလုပ်က မဲစာရင်းမှာ အဓိက မဲပေးတဲ့လူရဲ့ အမှားအမှန်ထက် သူတို့ရတဲ့အဖြေကို အမှန်တိုင်း ထုတ်ပြန်ပေးဖို့ အဲဒါ အဓိကပါ။ မဲကတော့ ပေးကြမှာပါ ဘာပဲဖြစ်ဖြစ်လေ။ ကိုယ်ကြိုက်တဲ့ပါတီ၊ ကိုယ်ကြိုက်တဲ့ပုဂ္ဂိုလ်ကိုတော့ ပေးကြမှာလေ။ အဲဒီအတွက်တော့ ကျနော်ထင်ပါတယ် ပြဿ     နာမရှိပါဘူး လူထုအနေနဲ့လေ ဒီလောက်။ ကြီးကြီးမားမားပြဿ   နာမဖြစ်နိုင်ဘူး။ ပြဿ     နာဖြစ်မှာက ဒိုင်လူကြီးတွေကနေ အဲဒါ သူတို့ရဲ့ အရွှေ့ပေါ့ဗျာ စားပွဲပေါ်မှာအရွှေ့၊ အရွှေ့လေးပေါ်မှာ မြို့နယ်အဆင့် ရောက်တဲ့အခါမှာ ကျနော်တို့က စိုးရိမ်တာ။ ရွာမှာတော့ ပြဿ နာမရှိဘူး။ ကိုယ့်လူတွေနဲ့ကိုယ် စည်းကြပ်မယ့်၊ စောင့်ကြည့်မယ့်လူတွေ ကျနော်တို့ရဲ့ပါတီ၊ ကျနော်တို့ရဲ့လူတွေက ရွာတွေမှာရှိကြပါတယ်။ "(ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မဲစာရင်း ၃၀ ရာခိုင်နှုန်း မှန်ကန်နိုင်ဟု ပြောသည့်အပေါ်) ၅၀ ရာခိုင်နှုန်းလောက် မှားတယ်ဆိုတာတော့ နည်းနည်းတော့ တအားများသွားတာပေါ့။ တ၀က်မှားတာလေ။ အဲဒါ ဘာအဓိပ္ပာယ်ရှိတော့မှာလဲဗျာ။ ၃၀ ရာနှုန်းပဲ မှန်နိုင်တယ်လို့ ပြောတာကတော့ သူပြောနေတာတွေ ကျနော်နားထောင်ပါတယ်။ အဓိကကတော့ တကယ်ဒိုင်လူကြီးအနေနဲ့ သမာသမတ်ကျချင်မှ အလုပ်ဖြစ်မယ့်ကိစ္စပါ။ ကျနော်တို့ အဲဒါ စိုးရိမ်နေတာ။ တကယ်ရွေးကောက်ပွဲနေ့ကျမှပဲ ကျနော်တို့ရဲ့ စိုးရိမ်စိတ်တွေ သူတို့  ဖြေသိမ့်နိုင်ခဲ့လား၊ မဖြေသိမ့်နိုင်ဘူးလားဆိုတာ သက်သေပြရမှာပါ။ ကျနော်တို့က စိုးရိမ်ကြီးစွာနဲ့ ရင်ဆိုင်ရမှာပဲ။" ဦးနေမျိုးကျော် (မကွေးတိုင်း မင်းဘူးမဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း) အန်အယ်လ်ဒီ မကွေးတိုင်းအတွင်းရေးမှူး “ပထမပိုင်းအနေနဲ့ နိုင်ငံသားတယောက်အနေနဲ့ ပြောပါမယ်။ ကျနော်ကိုယ်နှိုက်က ပထမအကြိမ် မဲစာရင်းကြေညာစဉ်မှာတုန်းက မဲစာရင်းမှန်ကန်တယ်။ နံပါတ်က ၁၁၄၁၊ ခုနှစ်သက္ကရာဇ်တွေ မှန်ကန်တယ်။ အခုတကြိမ်ပြန်အထွက်မှာ မဲစာရင်းမှာ ကျနော့်ခုနှစ်သက္ကရာဇ်တွေ မှားယွင်းတာကို တွေ့ရတယ်။ ကျနော်ကိုယ်တိုင်ကလည်း လက်ရှိ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတခုရဲ့ ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ စာရင်းမှာကိုပဲ အမှားအယွင်းတွေ ဖြစ်ပေါ်နေတယ်ဆိုရင် သာမန်ပြည်သူတွေ၊ တခြားသောသူတွေ အားလုံးကလည်း ၃၀ ရာခိုင်နှုန်းလောက်ပဲ အာမခံနိုင်မယ်ဆိုတာထက်တောင် ပိုများသွားနိုင်ပါတယ်။ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ မျှော်လင့်သော်လည်းပဲ ဒီလောက်ထိအောင် မဲစာရင်းတွေ မှားယွင်းမှုတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ သံသယဖြစ်ပါတယ်ဗျ။ ဒါကို အချိန်မီ ကော်မရှင်ရော၊ နိုင်ငံရေးပါတီတွေကိုရော အားလုံး  ဘုံစဉ်းစားချက်တခု ထွက်ပေါ်ဖို့လိုတယ်။ ဥပမာအားဖြင့် မှားယွင်းတာတော့ ကော်မရှင်က လက်ခံလိုက်ပြီ၊ ၀န်ခံလိုက်ပြီ။ အဲဒီအတွက်ဆိုရင် နိုင်ငံရေးပါတီတွေက ကိုယ့်ကိုမဲပေးမယ့် ပြည်သူတွေ မဲစာရင်းအမှားတွေ၊ မဲစာရင်းမပါလို့ မဲမပေးရဘူးဆိုတဲ့ ဆုံးရှုံးနစ်နာမှုကို ဘယ်နိုင်ငံရေးပါတီမှ မဖြစ်စေချင်ဘူး။ မှားယွင်းမှုမှာ ဘယ်လိုမှားတာတွေကိုတော့ ပြန်ပြင်စရာ မလိုဘဲနဲ့ကို မဲပေးခွင့်ပေးမယ် ဆိုတာမျိုးတွေ ဖြစ်ဖို့လိုတယ်။ အဲဒီလိုမျိုး မကုစားဘူးဆိုရင် လက်တွေ့မကျဘဲနဲ့ နိုင်ငံသားဖြစ်တာလည်း မှန်တယ်၊ ကိုယ့်ရပ်ကွက်သားဖြစ်နေတယ် ဆိုတာလည်း မဲရုံမှူးက သိတယ်၊ မဲရုံစာရေးကလည်း သိတယ်။ အဲဒီလူကိုယ်နှိုက်ကလည်း မဲပေးဖို့ မဲရုံရှေ့ကို ရောက်နေပြီ။ ‘မဲစာရင်းမှာ ခင်ဗျားနာမည်မပါလို့’ ‘အချက်အလက်မှားလို့’  “ခင်ဗျားမဲပေးခွင့်မရဘူး” ဆိုရင် ဒါဟာ ဒီမိုကရေစီရွေးကောက်ပွဲတခု အနေနဲ့လည်း လုံးဝမဖြစ်သင့်သလို အဲဒီမဲဆန္ဒရှင်အတွက်လည်း လုံးဝများစွာနစ်နာတယ်။ “ရိုးရိုးရှင်းရှင်းပဲ ပြောရရင်တော့ သူ (ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး) က ကြံ့ခိုင်ရေးပါတီဝင် တယောက်ဖြစ်တယ်။ သမ္မတကိုယ်တိုင်ကလည်း ကြံ့ခိုင်ရေးပါတီဝင်တယောက် ဖြစ်တယ်။ သမ္မတကိုယ်တိုင်ကလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ကော်မရှင်ဥက္ကဋ္ဌခန့်တယ်။ အခုကော်မရှင်ဥက္ကဋ္ဌက တာဝန်ခံရမယ့် မဲစာရင်းပြုစုပြီးတော့ ထုတ်ပြန်ကြေညာမှုကလည်း တကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်၊ သုံးကြိမ်ဖြစ်ရင် သမ္မတကိုယ်တိုင်က မိမိခန့်ထားတဲ့ သူတယောက်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ မဆောင်ရွက်နိုင်ဘူးဆိုတဲ့ မှတ်ချက်မျိုးနဲ့ တာဝန်က ပြန်လည်ရုပ်သိမ်းဖို့ သင့်တယ်။ အခုလိုမျိုး ဆက်ပြီး အမှားအယွင်းတွေ ရှိနေပါလျက်နဲ့ အရေးယူမှုမရှိဘူး၊ ထောက်ပြမှုမရှိဘူး၊ ဝေဖန်မှု မရှိဘူး၊ ရေငုံနှုတ်ပိတ် ဖြစ်နေတာကို ကြည့်ရင်တော့ ဒါဟာ မဲစာရင်းမှားယွင်းမှုတွေ အပေါ်မှာ မျက်နှာလွှဲခဲပစ် အစိုးရဘက်ကရော၊ ကော်မရှင်ဘက်ကရော လုပ်နေတယ်လို့ ကျနော် ဒီလိုပဲ တည့်တည့်ပြောချင်တယ်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024