မြေမြှုပ်မိုင်း ကင်းစင်ကြောင်း မိုဇမ်ဘစ်နိုင်ငံ ကြေညာ

ဓာတ်ပုံ - ရိုက်တာ
မိုဇမ်ဘစ်နိုင်ငံဟာ သူ့နိုင်ငံအတွင်း မြေမြှုပ်မိုင်း ကင်းစင်ပြီး ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ ထောင်နဲ့ချီတဲ့ လူတွေကို သေဆုံး ပျက်စီးစေခဲ့တဲ့ စစ်ပွဲ အဆုံးသတ်ရေး အနှစ် ၂၀ လုံး အားထုတ်မှုတွေ အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။ မြို့တော် မာပူအိုမှာ ကျင်းပတဲ့ အခမ်းအနားအတွင်း နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတွင်း မြေမြှုပ်မိုင်း ကင်းစင်ပြီလို့ ကြေညာခဲ့တာပါ။ အဲဒီအတွက် အင်မတန် စိတ်လှုပ်ရှား ခံစားရပြီး အင်မတန် ပျော်တယ်လို့ သူက ပြောပါတယ်။ မိုဇမ်ဘစ်က မိုင်းတွေကို ဟာလိုထရပ်စ်လို့ ခေါ်တဲ့ ဗြိတိန် ပရဟိတအသင်းက ဦးဆောင်ပြီး ရှင်းပေးခဲ့တာပါ။ ဒီအသင်းဟာ နိုင်ငံအတော်များများမှာ မိုင်းတွေကို ရှင်းပေးခဲ့ပြီးပါပြီ။ ဟာလိုကတော့ ၁၉၉၃ ကနေ ခုထိ မိုဇမ်ဘစ်နိုင်ငံအတွင်း မိုင်းကွင်း ၁၁၀၀ ထဲက မြေမြှုပ်မိုင်း ၁ သိန်း ၇ သောင်း ၁ ထောင်ကျော်ကို ရှင်းခဲ့ပြီး သိသမျှ နောက်ဆုံးမိုင်းကိုပါ ဖျက်ဆီးခဲ့ပြီးပြီလို့ ပြောပါတယ်။ မိုဇမ်ဘစ်နိုင်ငံဟာ စစ်ပွဲတွေ ဆင့်ကဲဆင့်ကဲ ဖြစ်ခဲ့တာ ဆယ်စုနှစ်တွေနဲ့ ချီပါတယ်။ ပထမဆုံး ပေါ်တူဂီ ကိုလိုနီဘ၀ကနေ လွတ်လပ်ရေးအတွက် စစ်ပွဲကို တိုက်ရပါတယ်။ အဲဒီနောက် ၁၉၇၅ ခုနှစ်မှာ လွတ်လပ်ခဲ့ပြီး အုပ်ချုပ်သူ ဖရီလီမို အစိုးရဟာ စစ်အေးခေတ် အသုံးချခံ အစိတ်အပိုင်းအနေနဲ့ ရေနာမိုသူပုန်တွေနဲ့ တိုက်ရပါတယ်။ အဲဒီနောက် ၁၉၉၂ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူပြီး စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ နိုင်ငံတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးတဲ့လူ အရေအတွက် အတိအကျကို ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၁၉၉၄ ခုနှစ်က လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြေမြှုပ်မိုင်းကြောင့် လူ ၁၀၀၀၀ ကနေ ၁၅၀၀၀ ကြား သေဆုံးတယ်လို့ အစီရင်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up