Home
မြန်မာသတင်း
ပူတင်းမုန့် ကောင်းမကောင်းဆိုတာ စားသုံးသူကသာ ဆုံးဖြတ်တယ် - ဒေါ်ရီရီစံ (ခေတ်သစ်ပြည်သူ့ပါတီ၊ အထွေထွေအတွင်းရေးမှူး)
ပီတာအောင်
·
September 18, 2015
အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုး ဦးဆောင်ခဲ့တဲ့ ခေတ်သစ်သိပံ္ပ နိုင်ငံရေးဘောဂဗေဒလေ့လာရေး ကျောင်းတော်သားစုတွေနဲ့ ထူထောင်ထားတဲ့ ခေတ်သစ်ပြည်သူ့ပါတီဟာ လာမယ့်နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် ၇ ဦး၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၁၈ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ မဲဆွယ်စည်းရုံး လှုပ်ရှားနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ  အဓိက အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ယှဉ်ပြိုင်အရွေးချယ်ခံမယ့် ခေတ်သစ်ပြည်သူ့ပါတီ  အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံကို ဆက်သွယ်မေးမြန်းထားပါတယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရက်ပေါင်း ၆၀ ကြာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်တွေ စရနေပြီဆိုတော့ ခေတ်သစ်ပြည်သူ့ပါတီအနေနဲ့ ဘယ်နေရာတွေမှာ အဓိက စည်းရုံးမဲဆွယ်နေပါသလဲ။ “အခု ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေပါပြီ။ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးပေါ့နော်။ မဲဆွယ်စည်းရုံးရေးတွေ တော်တော်များများ ဆောင်ရွက်နေကြပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာလည်း ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာ ၂ နေရာ ၀င်ပြိုင်ထားပါတယ်။ မနေ့ကဆိုရင်လည်း လှည်းကူးဘက်မှာ မဲဆွယ်စည်းရုံးရေးတွေ၊ ဟောပြောပွဲတွေ လုပ်ပါတယ်။ အခုက ကျမ ကော့မှူးမြို့နယ်ဘက်မှာ ဆင်းနေပါတယ်။" ဒေါ်ရီရီစံအနေနဲ့ အရင် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဧရာဝတီတိုင်း၊ ၀ါးခယ်မကနေ ၀င်ပြိုင်ခဲ့တယ်။ ခုရွေးကောက်ပွဲမှာတော့ ဘာကြောင့် ကော့မှူးမြို့နယ်ကနေ ၀င်ပြိုင်ဖြစ်တာလဲ။ “ပထမ ပါတီမှာပဲ အထိုင်နေလိုက်မယ်၊ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်တယ်ဆိုတော့၊ ခေတ်သစ်အမျိုးသမီးအစည်းအရုံး မြန်မာရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်ဆိုတော့ ပါတီမှာ မျိုးဆက်သစ်တွေ ဖော်ထုတ်ဖို့အတွက် ဆက်ပြီး အကောင်အထည်ဖော်ဖို့အတွက်၊ နောက်ပြီးတော့ ပါတီရဲ့ လုပ်ငန်းတွေ အဓိကနေရာမှာ ကိုင်နေရတဲ့ အခါကျတော့ ၀ါးခယ်မနေရာမှာ ဒေါ်သန်းသန်းညွန့်ဆိုတာ သူ့ကိုထည့်ပေးလိုက်ပါတယ်။ သူက အငြိမ်းစား အရာရှိဝန်ထမ်း ပြည်တွင်းအခွန်ဦးစီးဌာနက။ “ကိုယ်ကတော့ ပထမ ရွေးကောက်ပွဲ မ၀င်တော့ဘူးလို့ ဆုံးဖြတ်ချက်ချထားတာ။ အဲဒီမှာ ကော့မှူးမြို့နယ် ဒေသခံပြည်သူတွေထဲက တချို့ကလာပြီး တောင်းဆိုတယ်၊  ကော့မှူးမြို့နယ်မှာ ၀င်ပါလို့ပြောတယ်။ နောက်တချက်က ၁၉၉၀ ရွေးကောက်ပွဲတုန်းက ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒီ ခေတ်သစ်ပြည်သူ့ပါတီနဲ့ အတူတူပဲ၊ အမည်သာပြောင်းထားတာ၊ အဲဒီတုန်းက ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလှမြင့် ၀င်ပြှိုင်ခဲ့တယ်။ နောက် ၂၀၁၀ မှာလည်း တိုင်းဒေသကြီးလွှတ်တော် ၂ ဦး၊ ပြည်သူ့လွှတ်တော် ၁ ဦး၊ အမျိုးသားလွှတ်တော် ၁ ဦး အပြည့်ဝင်ခဲ့တယ်။ ခု ၂၀၁၅ မှာတော့ ပထမ ကိုယ်ဝင်ဖို့ စိတ်ကူးမရှိဘူး၊ တခြားတဦး ပါတီရဲ့ ရှေ့နေအမျိုးသမီးတယောက်ကို စီစဉ်လိုက်ပါတယ်။ သူက နိုင်ငံရေးအတွေ့အကြုံ လေးငါးခြောက်နှစ်ပဲ ရှိသေးတယ်။ တအားနုနယ်သေးတယ်။ ယှဉ်ပြိုင်ဖို့ သိပ်မရင့်ကျက်သေးဘူး ပြောတဲ့အခါကျတော့ နောက်ဆုံး စီအီးစီ ဆုံးဖြတ်ချက်နဲ့ ၁၄ ရက်နေ့ စာရင်းပိတ်ခါနီးကျမှ ကျမ ၀င်ပြိုင်လိုက်တာပါ။" ကော့မှူးမဲဆန္ဒနယ်မှာ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားပါတီတွေက ကိုယ်စားလှယ်လောင်း ၄ ဦးရှိတယ်ဆိုတော့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ဖို့ ဘာတွေ ကြိုတင်ပြင်ဆင်ထားပါသလဲ။ “အားလုံးက ဒီမိုကရေစီမှာတော့ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အခွင့်အရေးပဲလေ။ ဘယ်နေရာမှာမဆို ယှဉ်ပြိုင်ခွင့်ရှိတယ်။ မယှဉ်ပြိုင်ရဲဘူး၊ တဦးတည်းပဲ ယှဉ်ပြိုင်မယ်ဆိုရင်တော့ ဒါကတော့ ဒီမိုကရေစီ အခွင့်အရေး မရှိဘူး၊ အာဏာရှင်စနစ် ဖြစ်သွားမှာပေါ့။ ယှဉ်ပြိုင်တယ်ဆိုတာ ကျမတို့က နိုင်ငံထူထောင်ဘက်အနေနဲ့ သူ့ထက်ငါ ဘယ်သူ တိုင်းပြည်ရဲ့အကျိုးကို လူထုရဲ့အကျိုးကို ဆောင်ရွက်နိုင်မလဲဆိုတဲ့ အပေါ်မှာ ကျမတို့ ၀င်ရောက်ယှဉ်ပြိုင်တာပါ။ လူပုဂ္ဂိုလ်ကိုကြည့်ပြီး ဘယ်သူတော့ ၀င်ပြိုင်လို့ဆိုပြီး အဲလိုမျိုးမရှိပါဘူး။ အားလုံးက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အပြိုင်အဆိုင် ၀င်ပြိုင်ကြတယ်လို့ပဲ ကျမတို့ သဘောပေါက်ပါတယ်။" လေ့လာမိသလောက် ကော့မှူးဒေသမှာ လက်ရှိ ဘာတွေ အဓိကလိုအပ်နေလဲ၊ မဲဆန္ဒရှင်တွေအနေနဲ့ သူတို့အတွက် ဘယ်လိုအရေးကိစ္စတွေ ဆောင်ရွက်ပေးစေချင်လဲ။ “အဓိကကတော့ အဲဒီဘက်မှာ လယ်သမားတွေ လယ်ယာစိုက်ပျိုးတဲ့လူတွေ ရှိတယ်။ လက်လုပ်လက်စားလေးတွေ ရှိတယ်။ လက်လုပ်လက်စားတွေကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုရင် ဒေသကလည်း ဖွံ့ဖြိုးတိုးတက်ပြီဆိုရင် ဒေသဆိုင်ရာ လုပ်ငန်းတွေ ပေါ်လာမယ်ဆိုတော့ လက်လုပ်လက်စားတွေ အတွက်ကို အခြေမဲ့အနေမဲ့ မဖြစ်တော့ဘူး။ "နောက် အများစုကတော့ လယ်သမားပဲလေ၊ လယ်သမားတွေကို ကျမတို့က အတိုးနည်း နှစ်ရှည်ချေးငွေ အစိုးရအနေနဲ့ အစိုးရဘဏ်ကနေ ထုတ်ချေးဖို့အတွက် ကျမတို့က အဓိက ဆောင်ရွက်ရမယ်။ ကျမတို့ မြန်မာနိုင်ငံက လယ်ယာမြေကို အဓိက အခြေခံတဲ့နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ကျေးလက်တွေမှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တွေက လယ်သမားအများစုဖြစ်တယ်။ အဲဒီ ၇၀ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်မှ အလယ်အလတ် လူတန်းစားအဖြစ်ကို ၄၅ ရာခိုင်နှုန်း ရောက်ရှိမှ ဒီမိုကရေစီနိုင်ငံ ခိုင်မာရင့်သန်ပြီလို့ ပြောလို့ရတယ်။ "အဲဒီတော့ သူတို့ရဲ့ စီးပွားရေးတွေကို တိုးတက်အောင် ကျမတို့က လုပ်ပေးမယ်။ ဒီမိုကရေစီ ထူထောင်တဲ့အခါမှာ အခြေခံ ၃ ရပ်ရှိပါတယ်။ အဓိကက စီးပွားရေး တိုးတက်ရမယ်၊ ဒုတိယ စီးပွားရေးတိုးတက်လာရင် လူနေမှုအဆင့်အတန်းတွေ မြင့်မားလာမယ်၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာနဲ့အတူ အသိဉာဏ် အဆင့်အတန်းတွေပါ  မြင့်မားလာမယ်၊ အဲဒီလိုဆိုရင် ဒီမိုကရေစီအခြေခံ ၃ရပ် ခိုင်မာသွားပြီဆိုရင် ကျမတို့နိုင်ငံ တော်တော်လေးကို အခြေအနေ ကောင်းသွားပြီလို့ ယူဆလို့ ရပါတယ်။” ခေတ်သစ်ပြည်သူ့ပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက ၀င်ပြိုင်ခဲ့ပေမယ့် တနေရာမှ အနိုင်မရခဲ့ဘူးဆိုတော့ ဒီအတွေ့အကြုံတွေ အပေါ်မှာ သင်ခန်းစာယူပြီး  ဒီတခါ ရွေးကောက်ပွဲမှာရော အောင်နိုင်ရေးအတွက် ဘယ်လိုရည်မှန်းထားပါသလဲ။ “အဲဒါကတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း သက်ဆိုင်တယ်။ ၂၀၁၀ မှာ ဒီမိုကရေစီ စစချင်းဖြစ်တဲ့ အခါကျတော့ ဒီမိုကရေစီနဲ့ မရင်းနှီးသေးဘူးပေါ့နော်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း စပြီးတော့ ဗြုန်းစား စပြီးတော့ လုပ်ကိုင်ရတဲ့ဟာတွေ၊ လိုအပ်ချက်တွေ၊ မှားယွင်းချက်တွေ အများကြီးရှိတယ်၊ ကျမ မပြောချင်ဘူး၊ တခြားအကြောင်းအရာတွေလည်း အများကြီးရှိသေးတယ်၊ အဲဒါကြောင့် ရှုံးနိမ့်ခဲ့တယ်။ "၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာကျတော့ ကျမတို့နိုင်ငံဟာ ဒီအစိုးရအဖွဲ့အစည်းတွေကို သူတို့ မနှစ်သက်တဲ့ အခါကျတော့ နောက်အစိုးရတရပ် ထူထောင်နိုင်မလား၊ နောက်လူက ပိုကောင်းနိုင်မလားဆိုပြီး ရွေးချယ်မှုတခုကို လုပ်ကြတယ်။ ရှင်းရှင်းပြောရရင် မင်းလောင်းမျှော်ဝါဒခေါ်တယ်၊ ဆင်းရဲကျပ်တည်းတဲ့ နိုင်ငံတွေမှာ အဲဒီဝါဒကို အမြဲကျင့်သုံးခဲ့တယ်။ ကယ်တင်ရှင်က ပိုကောင်းမလားဆိုတဲ့ မျှော်လင့်ချက်ကလေးတွေ၊ ဒါကတော့ ခေတ်နောက်ကျတဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿ နာပါ။ လူထုတွေရဲ့ အပြစ်မဟုတ်ဘူးလေ။ အဲဒီပုံစံကြောင့်သာ ကျမတို့  ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကလည်း အကြောင်းအမျိုးမျိုးကြောင့် ရှုံးနိမ့်ခဲ့ရတာ။ "အခုရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင်တွေရဲ့ သူတို့ရဲ့စိတ်ထဲမှာ ရှိနေတဲ့ဆန္ဒဆိုတော့ ခန့်မှန်းရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ပူတင်းမုန့် ကောင်းမကောင်းဆိုတာ စားသုံးသူကသာ ဆုံးဖြတ်တယ်၊ ထုတ်လုပ်သူက မဆုံးဖြတ်ပါဘူး။ အဲဒီတော့ သူတို့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရွေးချယ်ပါလေ့စေ။" ခု ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းဟာ လွတ်လပ်မျှတတဲ့ အခင်းအကျင်းဖြစ်တယ်လို့ ထင်ပါသလား။ မဲစာရင်း၊ ကြိုတင်မဲနဲ့ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ဘယ်လို အခက်အခဲတွေ၊ ပြဿ      နာတွေ ရှိနေပါသလဲ။ “အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေဟာ  အကွက်စေ့တယ်။ ထောင့်စေ့တယ်။ နိုင်ငံတကာ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အတွက်ကြောင့် သူတို့ရဲ့ အကူအညီ အကြံဉာဏ်တွေ ယူတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေနဲ့ ပူးပေါင်းတယ်။ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေ ဖိတ်ခေါ်တယ်။ အခု ဒီအချိန်မှာ နိုင်ငံတကာက စောင့်ကြည့်ရေးအဖွဲ့တွေ လာမယ်၊ ပြည်တွင်းမှာ အရပ်ဘက် အဖွဲ့အစည်းတွေရော၊ အန်ဂျီအိုတွေရော အကုန်လုံး စောင့်ကြည့်မယ့်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ကျမ တော်တော်လေးကို ယုံကြည်ပါတယ်။ "ကြိုတင်မဲကတော့ မနက် ၆ နာရီမထိုးခင်မှာ ကြိုတင်မဲပုံးကို သက်ဆိုင်ရာ မဲရုံမှူးကို အပ်ရမယ်။ ၄ နာရီထိုးအတိမှာ ဖွင့်ရဖောက်ရမယ်။ ကြိုတင်မဲ ဘယ်လောက်ပေးထားသလဲဆိုတာ မဲရုံရဲ့ အပြင်ဘက်မှာ ကပ်ထားပေးမယ်ဆိုတော့ ကြိုတင်မဲက သူတို့ ခိုင်ခိုင်မာမာတော့ လုပ်ထားတယ်လို့ ထင်တာပဲ။ ဒါပေမယ့် အောက်ခြေမှာ ဘယ်လိုဖြစ်လာမလဲတော့ ကျမ မသိဘူး။ ကော်မရှင်ကတော့ သေချာလုပ်ထားပါတယ်။” ခေတ်သစ်ပြည်သူ့ပါတီက နိုင်ငံပိုင် ရုပ်သံကနေ ပါတီမူဝါဒတွေနဲ့ ပြောသွားတဲ့အထဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကို လုံးဝမပါတဲ့ အထိ အဆင့်ဆင့် လျှော့ချသွားဖို့ ပြောသွားတာ တွေ့ရပါတယ်။ ခု ဒေါ်ရီရီစံတို့ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ တပင်တပန်း မဲဆွယ်စည်းရုံးနေချိန်မှာ ရွေးကောက်တင်မြှောက်ခံစရာ မလိုဘဲ တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ ရောက်နေတဲ့အပေါ်ဘယ်လိုမြင်ပါသလဲ။ “ကျမတို့က တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါတယ်ဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပထမဆုံး ဒီမိုကရေစီ ခြေလှမ်းစတဲ့ အချိန်မှာ တပ်မတော် အာဏာသိမ်းမှု မကြာခဏ မဖြစ်အောင်လို့ ထိန်းထားတယ်လို့ပဲ ကျမမြင်တယ်။ ဒီမိုကရေစီ ခိုင်မာရင့်သန်သွားပြီဆိုရင် ဒီတပ်မတော်သားတွေ ဆွဲခေါ်ထားလို့တောင် နေမယ်မဟုတ်တော့ဘူးလို့ ကျမတော့ ယုံကြည်တယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပြင်ရေးမှာ အဲဒီစကားမျိုးကို ရေးထားတာ။ တပ်မတော်သား ဆိုတာလည်း ကိုယ့်သွေးကိုယ်သားတွေ၊ ကိုယ့်တိုင်းရင်းသားတွေပဲလေ။ အဲဒါကြောင့် ကျမတို့က တိုင်းရင်းသားအချင်းချင်း သွေးကွဲတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။ တပ်မတော်သားတွေ မပါစေချင်တာကတော့ တပ်မတော်သားတွေဟာ ကာကွယ်ရေး တာဝန်ကိုပဲ ယူသင့်တယ်လို့ ကျမတို့မြင်ပါတယ်။” လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီက မဲအများစုနဲ့ နိုင်မလား၊ အတိုက်အခံပါတီတွေ ဒါမှမဟုတ် တိုင်းရင်းသားပါတီတွေက မဲအများစု အနိုင်ရမလား။ ရွေးကောက်ပွဲရလဒ် ဘယ်လိုမျှော်မှန်းထားပါသလဲ။ “ကျမတို့မျှော်မှန်းချက်ကတော့ မှန်ချင်လည်း မှန်နိုင်မယ်၊ မှားချင်လည်း မှားနိုင်မယ်ပေါ့၊ အနာဂတ်ကို ကြိုသိတဲ့ ပုဂ္ဂိုလ်တွေတော့ မဟုတ်ဘူး။ ကျမတို့ ခန့်မှန်းချက်က အာဏာရပါတီနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီနဲ့ သူတို့တွေဟာ မဲပြန့်သွားနိုင်တယ်။ ပြန့်သွားပြီးတော့ သိပ်မတိမ်းမယိမ်းဖြစ်မယ့် ပုံစံမျိုး ရှိသွားနိုင်တယ်။ တပါတီက ချိန်ခွင်လျှာပေါ်မှာ တအားကြီး သာသွားတယ်ဆိုတဲ့ ဟာမျိုးတော့ မဖြစ်နိုင်ဘူးလို့တော့ ကျမထင်တယ်။ အဲဒီပါတီနှစ်ခုကြားထဲမှာ တတိယအုပ်စု ၀င်လာမယ်။ တိုင်းရင်းသားပါတီတွေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖွဲ့စည်းထားတဲ့ ကျန်တဲ့ပါတီတွေ၊ အုပ်စုတွေ၊ အဲဒီအုပ်စုတွေက တတိယအုပ်စု အဖြစ် ကြားမှာ ပြန်ဝင်လာနိုင်တယ်။ အဲလိုပဲ ကျမမြင်တယ်” ဒီအနေအထားမှာ ခေတ်သစ်ပြည်သူ့ပါတီအနေနဲ့ ၀င်ပြိုင်မယ့်နေရာတွေမှာ အနိုင်ရခဲ့မယ်ဆိုရင်  လက်ရှိ အာဏာရပါတီနဲ့ မဟာမိတ်လုပ်မလား။ ဒါမှမဟုတ် အဓိက အတိုက်အခံပါတီနဲ့ အတူရပ်တည်မလား၊ ခုနပြောတဲ့ တတိယအင်အားစုနဲ့အတူ ရပ်တည်မလား။ “ကျမတို့က တကယ်လို့များ အနိုင်ရခဲ့ရင် လွှတ်တော်ထဲရောက်ကြရင် ပူးပေါင်းဆောင်ရွက်တာတို့၊ အစိုးရအဖွဲ့နဲ့ ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်တာတို့ အဲလိုမျိုး ရှိခဲ့ရင်တော့ ကျမတို့က အားလုံး နိုင်ငံထူထောင်ဘက်တွေချည်းပဲလေ၊ ဘယ်ပါတီမဆို နိုင်ငံထူထောင်ဘက်တွေချည်းပဲလေ။ ဒါပေမယ့် ဝေဖန်သင့်ရင်လည်း ဝေဖန်ရမှာပဲ။  အတိုက်အခံနဲ့ ဝေဖန်တယ်ဆိုတာ ကောင်းသောလားရာနဲ့ ဝေဖန်တာ။ တိုင်းပြည်နဲ့ လူမျိုးအတွက်ကို ပြည်သူလူထုအတွက်ကို ဝေဖန်တာမျိုး ကောင်းသောလားရာဘက်ပဲ ဝေဖန်သင့်တယ်။ ကျမတို့ ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်။ တိုင်းပြည်နဲ့လူမျိုး ကောင်းစားရေးဆိုရင် ဘယ်ပါတီနဲ့မဆို လက်တွဲဆောင်ရွက်သွားမယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024