ဖီဖာ အထွေထွေအတွင်းရေးမှူးကို ရာထူးမှရပ်ဆိုင်း

ဖီဖာ အထွေထွေအတွင်းရေးမှူး ရဟွမ်ဗက်ခ်။ (ဓာတ်ပုံ - ရိုက်တာ)
1.2K
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ အထွေထွေအတွင်းရေးမှူးကို တာဝန်က ရပ်ဆိုင်းလိုက်ပြီလို့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ဖီဖာ က ကြေညာချက် ထုတ်ပြန်ပါတယ်။
အထွေထွေအတွင်းရေးမှူး ရဟွမ်ဗက်ခ် (Jerome Valcke) ကိုယ်တိုင် ပတ်သက်တဲ့ အဂတိလိုက်စားမှုတွေ စုံစမ်းတွေ့ရှိထားတယ်လို့လည်း ဖီဖာကြေညာချက်က ဆိုပါတယ်။
ရဟွမ်ဗက်ခ်ဟာ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်မှတ်တွေကို မူလတန်ဖိုးထက် မြှင့်ရောင်းခဲ့ဖို့ စီစဉ်ခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့ သတင်းစာတွေမှာ စွပ်စွဲကြပေမယ့် သူကတော့ ညစ်ပတ်တဲ့ လုပ်ကြံစွပ်စွဲမှုတွေဆိုပြီး ငြင်းဆန်ထားပါတယ်။
အသက် ၅၄ နှစ်အရွယ် ရဟွမ်ဗက်ခ်ဟာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး ဖီဖာ အထွေထွေအတွင်းရေးမှူး ရာထူးကို ၂၀၀၇ ခုနှစ်က စတင်ရယူလာခဲ့တာပါ။
ပြီးခဲ့တဲ့ မေလက ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ ဟိုတယ်တခုကို ရဲတပ်ဖွဲ့တွေက ၀င်ရောက်စီးနင်းပြီး ဖီဖာထိပ်တန်းအရာရှိ ၇ ဦးကို ဖမ်းဆီးခဲ့ပြီးကတည်းက ဖီဖာဟာ အဂတိလိုက်စားမှု စွပ်စွဲချက်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာပါ။
ဇွန်လထဲမှာ အရင်ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာဟာ ဥက္ကဋ္ဌရာထူးကို ပြန်လည်ရွေးကောက် တင်မြှောက်ခံရပေမယ့် ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
ရဟွမ်ဗက်ခ်က ဖီဖာဥက္ကဋ္ဌအတွက် အရွေးချယ်ခံမယ်လို့ ပြီးခဲ့တဲ့လကပဲ ပြောဆိုခဲ့တာပါ။
ဇူးရစ်မြို့မှာ ဖမ်းဆီးခံရတဲ့ ဖီဖာအရာရှိကြီး ၇ ဦးထဲက ၁ ဦး အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးဖို့ ဆွစ်ဇာလန် အာဏာပိုင်တွေက စက်တင်ဘာ ၁၇ ရက်နေ့မှာ သဘောတူလိုက်ပါပြီ။
ဆွစ်ဇာလန်စစ်ဆေးမှုလိုပဲ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့် ဆုံးဖြတ်မှုမှာ အဂတိလိုက်စားမှုရှိမရှိ အမေရိကန် အာဏာပိုင်တွေက စစ်ဆေးမယ်လို့ ဆိုပါတယ်။
ဖီဖာရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ပြန်လည်ထိန်းသိမ်းဖို့ ဖီဖာ အဂတိလိုက်စားမှု ရှင်းလင်းရေး အထူးအာဏာပိုင်အဖွဲ့ကို မကြာခင်ကပဲ ဖွဲ့စည်းထားပါတယ်။