ချီလီငလျင် ကယ်ဆယ်ရေးလုပ်ဆောင်ပုံ သမ္မတ ချီးကျူး

ဓာတ်ပုံ - ရိုက်တာ
2K
ချီလီသမ္မတ မီရှဲလ်ဘာချလေက သူ့ရဲ့ အရေးပေါ်ကော်မတီနဲ့ စက်တင်ဘာ ၁၇ ရက်က တွေ့ဆုံပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ ငလျင်ဘေး တုံ့ပြန်မှုကို ချီးကျူးပြောဆိုလိုက်ပါတယ်။
ပြင်းအား ရစ်ခ်ျတာစကေး ၈ ဒသမ ၃ ရှိတဲ့ ငလျင်ကြောင့် သေဆုံးပျက်စီးမှု တချို့ ရှိခဲ့တာပါ။
ဒေသခံမီဒီယာတွေက ငလျင်ကြောင့် သေဆုံးသူ ၈ ဦးကနေ ၁၀ ဦးထိ တိုးသွားပြီလို့ အစီရင်ခံပေမယ့် သမ္မတကတော့ ၈ ဦးပဲ သေကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါဟာ ချီလီသမိုင်းမှာ ၆ ကြိမ်မြောက် ငလျင်ကြီးဖြစ်ပြီး ဒီနှစ်အတွင်း ကမ္ဘာမှာပါ အပြင်းထန်ဆုံးငလျင်လို့ ပြောပါတယ်။
“ဒါဟာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ၊ မရှိမဖြစ် အရေးကြီးတယ်။ လူအယောက် ၆ သိန်း ၇ သောင်းကို အကြီးစား အခက်အခဲတွေ မရှိဘဲ အမြန် ဘေးကင်းရာ ရွှေ့ပြောင်းခဲ့တယ်။ အာဏာပိုင်တွေရဲ့ အမိန့်ကို ပြည်သူတွေက တုံ့ပြန်ခဲ့တယ်။ ဒါကြောင့် အသက်တွေ အများကြီး ကယ်နိုင်ခဲ့တယ်လို့ ကျမတို့ ယုံတယ်။” လို့ ချီလီသမ္မတက ပြောပါတယ်။
ကိုကွင်ဘိုမြို့ဆိပ်ကမ်း အကြီးအကျယ် ပျက်စီးခဲ့ပြီး ၁၅ ပေမြင့်တဲ့ လှိုင်းတွေ ရိုက်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အစိုးရက ငလျင်လှုပ်ပြီးပြီးချင်း ကမ်းရိုးတန်းဒေသတွေကို ဘေးကင်းရာ ရွှေ့ပြောင်းရေး အမိန့်ထုတ်ခဲ့တာပါ။
၂၀၁၀ ခုနှစ်ကတော့ အာဏာပိုင်တွေက ဆူနာမီရေလှိုင်း သတိပေးမှု နှေးကွေးခဲ့လို့ လူအယောက် ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ချီလီနိုင်ငံ အလယ်ပိုင်းက ငလျင်အဆိုးဆုံး ထိခဲ့တဲ့နေရာမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး ကမ်းရိုးတန်းမြို့တွေမှာတော့ ရေလွှမ်းမိုးခဲ့ပါတယ်။
ငလျင်ဒဏ်ခံနေကျ ချီလီနိုင်ငံမှာ တင်းကျပ်တဲ့ ဆောက်လုပ်ရေး စည်းမျဉ်းတွေ ရှိနေလို့ အဆောက်အဦသစ်တွေဟာ ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံနိုင်စွမ်း ရှိပါတယ်။
ချီလီနိုင်ငံဟာ ငလျင်နဲ့ မီးတောင် ထူထပ်ရာဒေသမှာ ရှိတာပါ။
၂၀၁၄ ခုနှစ်က အင်အား ရစ်ခ်ျတာစကေး ၈ ဒသမ ၂ ရှိတဲ့ ငလျင် နိုင်ငံမြောက်ပိုင်းမှာ လှုပ်ဖူးပါတယ်။
၂၀၁၀ မှာတော့ နိုင်ငံအလယ်ပိုင်းမှာ ပြင်းအား ရစ်ခ်ျတာစကေး ၈ ဒသမ ၈ ရှိတဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်း အကြီးစားတရပ်ကြောင့် လူအယောက် ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။