လက်ဖျားငွေသီးမည့် ပရိဘောဂစိုက်ခင်း (ရုပ်သံ)

ဂါဗင်မွန်ရိုဟာ ဒါဘီရှိုင်ရာက လယ်ထဲမှာ အပင်သစ်စိုက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် သူက လူကြီးမင်း ထင်ထားသလို လယ်သမားမျိုး မဟုတ်သလို လူကြီးမင်း ထင်ထားတဲ့ စိုက်ပျိုးပင်လည်း မဟုတ်ပါဘူး။ အဲဒါကတော့ ပရိဘောဂပင်ပဲ ဖြစ်ပါတယ်။ မွန်ရိုဟာ အပင်တပင်ကို ပရိဘောဂဖြစ်တဲ့ထိ အပြည့်အ၀ ပုံသွင်းနိုင်မယ့် နည်းပညာကို ဖန်တီးဖို့ ၁၀ နှစ်နီးပါး မြှုပ်နှံခဲ့ရပါတယ်။ ကုလားထိုင်၊ မီးတိုင်နဲ့ စားပွဲတွေကို ဒီလိုပုံသွင်းပြုလုပ်တာဟာ သဘာဝရင်းမြစ်တွေကို အကျိုးရှိရှိ သုံးနိုင်ရုံသာမက ပတ်ဝန်းကျင်နဲ့ပါ သဟဇာတဖြစ်တယ်လို့ သူကဆိုပါတယ်။ "ဒီကနေ့ခေတ် ကုလားထိုင်တလုံး ဖန်တီးရတဲ့ နည်းစဉ်ဟာ အတော့်ကို ရယ်စရာကောင်းပါတယ်။ သစ်ပင်တွေကို နှစ် ၆၀ သက်တမ်းရတဲ့ထိ စိုက်ပျိုးရတယ်။ ပြီးရင် ခုတ်လှဲမယ်။ ပြီးရင် သစ်ခွဲသားအဖြစ်ပြောင်းမယ်။ ပြီးရင် ရလာတဲ့ပျဉ်တွေကိုမှ ပေါင်းစပ်ပြုလုပ်ရပြန်တယ်။ ကြာလာရင် ချောင်ထွက်ပြီး ချည့်နဲ့ကုန်ပြန်ရော။" သစ်တပင်ကို သဏ္ဌာန်အတိအကျထွက်အောင် ပုံသွင်းဖို့က မလွယ်ပါဘူး။ သူ့ရဲ့ ကုလားထိုင်ရှေ့ပြေး ပုံစံတွေကို ပုံသွင်းစိုက်ပျိုးတုန်းက ပုံမှန်အတိုင်းပဲ စိုက်ပျိုးခဲ့တာပါ။ ဒါပေမယ့် ကုလားထိုင်တလုံးစာ စိုက်ပျိုးကြည့်မှပဲ သိပ်ကို ထိရောက်တယ်ဆိုတာ မွန်ရို သဘောပေါက်သွားပါတယ်။ "ကျနော်တို့က ကုလားထိုင်ကို ဇောက်ထိုးထားတဲ့ပုံအတိုင်း စိုက်ပျိုးရပါတယ်။ ပထမတကိုင်းကို ကုလားထိုင်ကျောမှီအဖြစ်နဲ့ ပြန့်ကားအောင် လုပ်ရပါတယ်။ အဲဒီတကိုင်းကနေမှ နှစ်ကိုင်းပွားပြီးရင် ထိုင်မယ့်အခင်းအတွက် ပုံသွင်းရပါတယ်။ ပြီးမှ ခြေ ၄ ချောင်း ရလာပါတယ်။ သစ်ပင်ပုံတော့ အရမ်းပေါက်နေမှာပါ။" မွန်ရိုရဲ့ ပရိဘောဂစိုက်ခင်းဟာ ခုလောလောဆယ်မှာ သစ်ပင်မျိုးစိတ်များစွာကို မိုသွင်းပြီး စိုက်ပျိုးရာမြေ ဖြစ်နေပါပြီ။ စဦးစိုက်ခင်းမှာ ပရိဘောဂ အမျိုးအစား ၅၀ ပုံသွင်းဖို့ စီစဉ်ထားတာမို့ သစ်ကိုင်း ထောင်ပေါင်းများစွာနဲ့ အညွန့်အတက်တွေကို ပိုးမွေးသလို စောင့်ရှောက်ရမယ့် သဘောပါပဲ။ ဒီအလုပ်ကို ဒေသခံတွေကတော့ သတိတောင်ထားမိမှာ မဟုတ်ဘူးလို့ ဇနီးဖြစ်သူ အဲလစ်က ဆိုပါတယ်။ "ကြာပါပြီ လူအတော်များများက ၀ိုင်းပြောနေကြတာလေ။ ရေစာမပါတာတွေဘဲ၊ ဒီလူက ကြောင်တောင်တောင်နဲ့၊ ဘာတွေလုပ်နေတာလဲပေါ့နော်။ ဒါပေမယ့် တကယ်တော့ ဒီအလုပ်က အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေ ရနေပြီ။ အထူးသဖြင့် မကြာသေးခင်ကပေါ့နော်။ အလိုလို တုံ့ပြန်လာတဲ့ အခြေအနေမျိုး ရှိတယ်လို့ထင်တယ်။ လူတိုင်းက သစ်ပင်တွေအကြောင်း သိချင်ကြတယ်၊ နည်းနည်းဆန်းသစ်တဲ့အသွင်နဲ့ မြင်ချင်ကြတယ်။ ဒီအပေါ်မှာ ချက်ချင်း တုံ့ပြန်ကြတယ်။ ဒါကို အ၀ှာဖြစ်တဲ့ လူက လက်ချိုးရေလို့ရပါတယ်။" မွန်ရိုရဲ့ကုမ္ပဏီ Full Grown ကတော့ ကုလားထိုင်တလုံးကို ၅ နှစ်ကနေ ၈ နှစ်အတွင်း၊ ညစာစားပွဲတလုံးကို ၁၅ နှစ်အတွင်း ပုံသွင်းစိုက်ပျိုးနိုင်တယ်လို့ ဆိုပါတယ်။ ၀ယ်သူမရှိမှာ ပူစရာမလိုပါဘူး။ အခု ပထမစိုက်ခင်း တခင်းလုံးနီးပါး ၀ယ်သူတွေက မှာယူပြီးသွားပါပြီ။ ကုလားထိုင် ၁ လုံးအတွက် ပေါင် ၄၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်း အခြေခိုင်ပြီဆိုတာနဲ့ ပရိဘောဂစိုက်ခင်းကို တိုးချဲ့နိုင်တော့မယ်လို့ Full Grown ကုမ္ပဏီက ဆိုပါတယ်။ ဂါဗင်အဖို့တော့ သစ်ပင်ပေါ်ကနေ ငွေပဒေသာတွေ သီးလာမယ့် အဖြစ်ပါပဲ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up