ဘူကီနာဖာဆို သမ္မတရုံးလုံခြုံရေးတပ် အာဏာသိမ်း၊ ပစ်ခတ်မှုများဖြစ် (ရုပ်သံ)

3.2K
အာဖရိကအနောက်ပိုင်းက ဘူကီနာဖာဆို နိုင်ငံမှာ သမ္မတရုံး လုံခြုံရေးတပ်ဖွဲ့တွေ စက်တင်ဘာ ၁၇ ရက်နေ့က တိုင်းပြည်အာဏာသိမ်းလိုက်အပြီး မြို့တော်မှာ ဆန္ဒပြပွဲ ပစ်ခတ်မှုတွေအတွင်း အနည်းဆုံး လူ ၁၀ ဦးသေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့နှစ်က လူထုဆန္ဒပြပွဲတွေနဲ့ ဖြုတ်ချခံခဲ့ရတဲ့ သက်တမ်းရှည်သမ္မတကြီး ကွမ်ပါရယ် (Compaore) နဲ့ နီးစပ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းက ယာယီအစိုးရခေါင်းဆောင်အဖြစ် တာဝန်ယူလိုက်တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားက ကြေညာပါတယ်။
ဒီအာဏာသိမ်းမှုကို အမေရိကန်၊ အရင်ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့တဲ့ ပြင်သစ်နဲ့ အာဖရိက သမဂ္ဂတို့က ပြစ်တင်ရှုတ်ချကြပါတယ်။
သမ္မတရုံး လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်လို့ လူ ၁၀ ဦးကျော် သေဆုံးတယ်လို့ လူမှုအဖွဲ့အစည်းတခုက ပြောဆိုပေမယ့် အတည်ပြုမှုတော့ မရသေးပါဘူး။
ဆေးရုံသတင်းရင်းမြစ်တွေကတော့ အနည်းဆုံး လူ ၃ ဦး သေဆုံးတယ်လို့ ပြောဆိုပါတယ်။
အရေအတွက် အတိအကျ မသိရတဲ့ ဆန္ဒပြသူတွေလည်း ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က သမ္မတရုံးမှာ အစိုးရ၀န်ကြီးအဖွဲ့ အစည်းအဝေးလုပ်နေတုန်း ယာယီသမ္မတနဲ့ ၀န်ကြီးချုပ်တို့ကို သမ္မတရုံး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တာပါ။
အာဏာအသိမ်းခံရတဲ့ ယာယီအစိုးရရဲ့ အစီအစဉ်အရ လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပပြီး တက်လာတဲ့အစိုးကို အာဏာလွှဲပြောင်းပေးဖို့ပါ။
အာဏာသိမ်း ဒုတိယဗိုလ်မှူးကြီးတဦးကတော့ အသစ်ဖွဲ့စည်းလိုက်တဲ့ ကြားဖြတ်အစိုးရသစ်က ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်မယ့် ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ ပြောဆိုပေမယ့် ပါလီမန်ဥက္ကဋ္ဌဟောင်းကတော့ လူထုတရပ်လုံး အုံကြွဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံကို ၂၇ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဖြုတ်ချခံရတဲ့ သမ္မတဟောင်း ကွမ်ပါရယ် ကတော့ ပြည်ပမှာ ခိုလှုံနေပါတယ်။