မိုးသည်းထန်မှုကြောင့် မြိတ်မြို့ရေကြီး
DVB
·
September 17, 2015
စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီတိုင်း မြိတ်မြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျွဲကူးကျေးရွာဘက်နဲ့ ပါရမီလမ်းမတွေပေါ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ရေနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့တာလို့ မြိတ်မြို့ခံ ဦးစိုးပိုင်ဌေးက ပြောပါတယ်။
“မနေ့က မိုးတောက်လျှောက်ရွာတော့ ကားလမ်းတွေ ရေကျော်သွားတယ်။ ဒီကျွဲကူးကျေးရွာဘက်နဲ့ ပါရမီလမ်းပေါ်မှာ အဲလိုဖြစ်တာ။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ဘူးနော်။ တချို့ရေတွေကို အိမ်ထဲကို ၂ ပေလောက် တက်တာတွေရှိတယ်။”
မြိတ်မြို့မှာ နှစ်စဉ်လိုလို မိုးများရင် လမ်းမပေါ် ရေ ၁ ပေလောက် တက်နေကျ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကျွဲကူးမှာလည်း မိုးများတဲ့အတွက် မြေပြိုမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိ ပါရမီလမ်းမကြီးမှာ ရေနစ်မြုပ်ဆဲဖြစ်ပြီး ပါရမီ စာသင်ကျောင်းမှ ကျောင်းသားတွေ ကျောင်းဆင်းချိန် အခက်အခဲ တွေ့နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။