မီးရထားစီးခရီးသည်အား မုဒိမ်းကျင့်သတ်ဖြတ်သူ ရထားဝန်ထမ်းကို သေဒဏ်ပေး

ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံ နခွန်းဆီထမရတ်ကနေ ဘန်ကောက်ကိုသွားတဲ့ အမြန်ရထားပေါ်မှာ အသက် ၁၃ နှစ်ရွယ် မိန်းကလေးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ မီးရထားဝန်ထမ်းကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။
ထိုင်းမီးရထားဌာန အမြန်ရထားတွဲအမှတ် ၁၇၄ ပေါ်က အိပ်ယာခင်းပြင်ဆင်တဲ့ နိုင်းဝမ်းချိုင်း ဆိုင်ခေါင်အမည်ရှိ ၀န်ထမ်းတစ်ဦးဟာ ခရီးသည် မိန်းကလေးကို မုဒိမ်းကျင့် သတ်ဖြတ်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ထိုင်းနိုင်ငံ အလယ်ပိုင်း ဟွေဟင်တရားရုံးက စက်တင်ဘာလ ၁၄ ရက်နေ့မှာ သူ့ကို သေဒဏ်ချမှတ်လိုက်တယ်လို့ အမ်ထိုင်းနယူးစ် သတင်းမှာ ဖော်ပြပါတယ်။
နိုင်းဝမ်းချိုင်းဟာ သူတပါးကို တမင်သေစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လူသတ်မှု၊ အသက် ၁၅ နှစ်အောက် မိန်းကလေးကို မုဒိမ်းကျင့်မှု၊ အမှုမှ ကင်းလွတ်စေဖို့ အလောင်းဖျောက် ဖျက်မှု၊ ညအချိန်တွင်းပစ္စည်းခိုးယူမှု၊ စိတ်ကြွမူးယစ်ဆေး သုံးစွဲမှု စတဲ့ ပြစ်မှု ၅ ခုနဲ့ သေဒဏ် အပြစ်ပေးခံရတာ ဖြစ်ပါတယ်။
တရားသူကြီးမှ ၁၀ မိနစ်ကြာအောင် ဖတ်ပြခဲ့တဲ့ တရားစီရင်ချက်ကို နိုင်းဝမ်းချိုင်းက တည်ငြိမ်စွာ နားထောင်ခဲ့ပြီး မိမိအမှားအတွက် နောင်တရကြောင်း ပြောဆိုခဲ့ပါတယ်။
သူဟာ ပထမဆင့် တရားရုံးမှာရော ဒုတိယဆင့် တရားရုံးမှာပါ သေဒဏ်အပြစ်ပေးခံ ခဲ့ရတာဖြစ်ပေမယ့် ထိုင်းနိုင်ငံတရားဥပဒေအရ အမြင့်ဆုံးတရားရုံးကို ဆက်လက်အယူ ခံဝင်ပိုင်ခွင့်ရှိပါတယ်။
သူ့အနေနဲ့ အမြင့်ဆုံးတရားရုံးမှာ ဆက်ပြီးအယူခံဝင် မ၀င်တော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က အသက် ၁၃ နှစ်ရွယ်ရှိ နောင့်ကဲမ့် ဆိုသူ မိန်းကလေးငယ်ဟာ ဆွေမျိုးများနဲ့အတူ နခွန်းဆီထမရတ်မှ ဘန်ကောက်သို့ ရထားနဲ့ ခရီးထွက်လာစဉ် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
တရားခံဖြစ်သူ နိုင်ဝမ်းချိုင်းက အခြားခရီးသည်တွေ အိပ်ပျော်နေစဉ် မိန်းကလေးကို သူမရဲ့ အိပ်စင်ပေါ်ကနေ ပါးစပ်ကို အ၀တ်ဆို့ပြီး တခြားအခန်းတခုကို ခေါ်ကာ မတရားပြုကျင့်ကြောင်း၊ မိန်းကလေးက ခုခံတဲ့အတွက် အ၀တ်နဲ့ လည်ပင်းညှစ်ပြီး ရထားပေါ်ကနေ ပြစ်ချခဲ့တယ်လို့ ၀န်ခံသွားပါတယ်။
နိုင်ဝမ်းချိုင်းကို အကူအညီပေးခဲ့သူ ဘ၀တူဝန်ထမ်း နိုင်းနာ့သ်ကွန်း ချမ်းနမ်းမှာလည်း ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရပါတယ်။