ဂျပန် ကူဘိုတာ လယ်ယာသုံး စက်ကိရိယာစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်မည်

ကူဘိုတာ လယ်ယာသုံး စက်ကိရိယာပစ္စည်း စက်ရုံတရုံကို သီလ၀ါ အထူးစီးပွားရေးဇုန်မှာ တည်ဆောက်တော့မှာဖြစ်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Nikkei သတင်းမှာ ဖော်ပြပါတယ်။
အဲဒီစက်ရုံဟာ မြန်မာနိုင်ငံမှာ လယ်ယာသုံး စက်ကိရိယာနဲ့ ဆက်စပ်ပစ္စည်းတွေ အဓိကထုတ်လုပ်တဲ့ ဌာနတခု ဖြစ်လာမှာဖြစ်ပြီး မြေဧက စတုရန်းပေ ၁၀၀၀၀ အကျယ်ပေါ်မှာ ထွန်စက်၊ အင်ဂျင်၊ တာယာနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို ပြည်ပက မှာယူတပ်ဆင် ထုတ်လုပ်မှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု ပမာဏ ယန်းငွေ ၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၁ မီလီယံ) ရှိလာမယ့် ကူဘိုတာ လယ်ယာသုံး စက်ကိရိယာပစ္စည်း စက်ရုံကို ခုလာမယ့် ဆောင်းဦးရာသီမှာ စတင်မှာဖြစ်ပြီး ထုတ်လုပ်နိုင်မယ့် ပမာဏကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘူးလို့ သတင်းကဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ပြည်ပက သွင်းကုန်ပစ္စည်း တင်သွင်းရောင်းချမှုကို ဥပဒေအရ တားမြစ်ထားခဲ့ပြီး ပြီးခဲ့တဲ့ မေလကမှ အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏအရ ကုမ္ပဏီတချို့ကို လုပ်ကိုင်ခွင့် ပေးခဲ့တာပါ။
ဂျပန်နိုင်ငံအခြေစိုက် ကူဘိုတာဟာ လယ်ယာသုံး စက်ကိရိယာ သွင်းကုန်ပစ္စည်း တင်သွင်းရောင်းချခွင့်ရတဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်လာပြီး စက်ရုံသစ် တည်ဆောက်ခွင့်လည်း ရရှိခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။