ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် မန်ယူနောက်ခံလူ လုရှော ခြေထောက်အရိုးကျိုး

ဓာတ်ပုံ - ရိုက်တာ
1.2K
မန်ချက်စတာယူနိုက်တက် နောက်ခံလူ လုရှော ဟာ ပီအက်စ်ဗွီကိုရှုံးတဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာရပြီး အထမ်းစင်နဲ့ သယ်ထုတ်ခဲ့ရပါတယ်။
အသက် ၂၀ အရွယ် လုရှော ပီအက်စ်ဗွီ နောက်ခံလူနဲ့ ထိခိုက်မိပြီး ဒဏ်ရာရသွားတာပါ။
နောက်တန်းသမား လုရှောရဲ့ ဘယ်ခြေထောက်ဟာ အရိုးကျိုးတဲ့ဒဏ်ရာ ရသွားတာ ဖြစ်တယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြနေပါတယ်။
အခုဒဏ်ရာကြောင့် ရှောကို ကွင်းထဲမှာ အောက်ဆီဂျင်ပေးပြီး ၁၀ မိနစ်လောက် ကုသခဲ့ရပါတယ်။
လုရှောကတော့ သူ့ကို စိတ်ပူပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အခု လောလောဆယ် ပြန်လည်သက်သာလာဖို့ စတင်ကုသနေပြီး မကြာခင်မှာ ပြန်ကစားနိုင်မှာ ဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒဏ်ရာအတွက် ခွဲစိတ်ကုသမှု လုပ်ရမှာ ဖြစ်တယ်လို့ မန်ယူအသင်းက ထုတ်ပြန်ထားပါတယ်။
သူဟာ မန်ယူအသင်းနဲ့အတူ ဒီနှစ်ရာသီအစ ပွဲစဉ် ၈ ပွဲစလုံးမှာ ပါဝင်ကစားခွင့် ရထားသလို အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ယူရို ခြေစစ်ပွဲတွေမှာ ပါဝင်ခွင့် ရထားပါတယ်။