Home
ဆောင်းပါး
ခေတ်ပြောင်းမဲ
DVB
·
September 16, 2015
တိုင်းပြည်အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးအတွက် မြန်မာနိုင်ငံမှာ စက်တင်ဘာ ၇ ရက်နေ့ကစပြီး တရားဝင် မဲဆွယ်လှုပ်ရှားမှုတွေ အုန်းအုန်းကျွက်ကျွက်နဲ့ နိုးထရှင်သန်လာပြီ။ ပခုက္ကူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူတွေ ကခုန်ပျော်ရွှင်နေတဲ့ ရုပ်သံသတင်းထဲမှာ ဆံဖြူသွားကျိုး၊ ခါးကိုင်း နားထိုင်းနေတဲ့ ပါးကွက်ကြားနဲ့ အမယ်အိုတွေ ကွေးနေအောင် ကနေတာကို မြင်ရတာ ကြက်သီးထစရာ ကောင်းလိုက်တာ။ အရွယ်သာအိုမင်းပေမယ့် ဖိနှိပ်မှုက လွတ်မြောက်ချင်တဲ့ စိတ်ဆန္ဒတွေ နုပျိုလန်းဆန်းနေတာ အားရစရာသိပ်ကောင်းတယ်။ ကမ္ဘာဦးလူသားတွေ နေရောင်ခြည်ကို မြင်ရတဲ့အခါ ၀မ်းသာအားရ ပျော်ရွှင်သလိုမျိုးပါပဲ။ ကလေး၊ လူကြီး၊ ပျိုပျိုအိုအို တောင်ဝှေးထောက်တဲ့ အဖိုးအိုတွေတောင် လက်ပျင်းတွဲရရွှဲနဲ့ လက်ရုံးတွေမြှောက်ချီလို့ ခေတ်ပြောင်းရမည်လို့ အားရပါးရ တခဲနက် ကြွေးကြော်နေကြပြီပဲ။ စနစ်ဟောင်းကိုဖယ်၊ လူဟောင်းတွေပယ်ဖို့၊ လူကောင်းမူကောင်း၊ စနစ်ကောင်းဆီကို ချီတက်နေကြပြီ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ရာဇ၀င်သစ်ကို ရေးထိုးဖို့ သမိုင်းတံခါးချပ်ကြီးကို ပြိုင်တူတွန်းဖွင့်ဖို့ ပြင်နေကြပြီ။ နှစ်ပေါင်း ၅၃ နှစ်ကျော်အောင် စစ်ဖိနပ်သံခွာအောက်မှာ အမှောင်ချ အကျဉ်းကျခံခဲ့ရတဲ့ ဘ၀က လွတ်မြောက်ဖို့ စိတ်အားထက်သန်နေရုံနဲ့ မပြီးသေးဘူး။ စစ်ကျွန်ဘ၀က အပြီးတိုင် လွတ်မြောက်အောင် ဆောင်ကြဉ်းပေးမယ့် ပါတီကို မိမိအသည်းကြားက မဲတပြားနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရွေးချယ်ပြီး အာဏာအပ်နှင်းနိုင်ဖို့ လိုတယ်။ ဒီတော့ မဲဆန္ဒရှင် ပြည်သူများအနေနဲ့ မြောက်မြားလှစွာသော ပါတီတွေကို အောက်ပါ ပဓာနကျတဲ့ အချက်တွေနဲ့ နှိုင်းယှဉ် အကဲဖြတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ (က) ပါတီရဲ့သမိုင်းကြောင်းကောင်းသလား၊ ဆိုးသလားကြည့်ပါ။ (ခ) ပါတီရဲ့မူဝါဒနဲ့ ရည်မှန်းချက်တွေကိုကြည့်ပါ။ (ဂ) ပါတီခေါင်းဆောင်ရဲ့ အမြော်အမြင်၊ အရည်အသွေး၊ နာယကဂုဏ် ၆ ပါးနဲ့ ညီမညီကို ကြည့်ပါ။ (ဃ) ပါတီခေါင်းဆောင်နဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ကျင့်သီလ၊ စိတ်ဓာတ်နဲ့ ရိုးဂုဏ်ကို ကြည့်ပါ။ (င) ပါတီဟာ ဘယ်လူတန်းစားကို ကိုယ်စားပြုသလဲ၊ အဖိနှိပ်ခံဘက်ကလား၊  ဖိနှိပ်သူလားဆိုတာ ကြည့်ပါ။ (စ) ပါတီဟာ ပြည်ထောင်စုတခုလုံးအရေးလား၊ လူတမျိုး တဘာသာအရေးအတွက်လား ဆိုတာ ကြည့်ပါ။ (ဆ) ပါတီရဲ့ ကျောထောက်နောက်ခံ ဘဏ္ဍာငွေကြေး သန့်ရှင်းမှုကိုကြည့်ပါ။ စာရေးသူကတော့ ပြည်သူတယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ ပုံအောမဲပေးသင့်ကြောင်း ခိုင်မာစေတဲ့ အောက်ပါ အကြောင်းတရားများကို ထင်ထင်ရှားရှား တွေ့မိ၊ မြင်မိပါတယ်။ စာဖတ်သူ မဲဆန္ဒရှင် ပြည်သူများ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားရွေးချယ်ကြည့်ကြပါကုန်။ (၁) ပြည်သူကို မျက်ရည်သုတ်ပေးမယ့် ပါတီဖြစ်ခြင်း၊ (၂) ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက သန္ဓေတည် ဖွားမြင်လိုက်တဲ့ ပြည်သူ့ပါတီဖြစ်ခြင်း၊ (၃) သမိုင်းကြောင်းဖြူစင်ပြီး လာခြင်းကောင်းတဲ့ ပြည်သူ့ပါတီဖြစ်ခြင်း၊ (၄) အဖိနှိပ်ခံပြည်သူ အများစုဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့ ပါတီဖြစ်ခြင်း၊ (၅) စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ နှိပ်ကွပ်မှုတွေ နှစ်ပေါင်း ၂၀ ကျော် ကြံ့ကြံ့ခံ ပေးဆပ်ခဲ့တဲ့ ပါတီဖြစ်ခြင်း၊ (၆) ကမ္ဘာ့ ဒီမိုကရေစီသင်္ကေတ၊ ဒီမိုကရေစီဘုရင်မ ဦးဆောင်တဲ့ ပါတီဖြစ်ခြင်း၊ (၇) ပြည်သူကို စစ်ကျွန်ဘ၀က လွတ်မြောက်စေမယ့် ပါတီဖြစ်ခြင်း၊ (၈) တရားဥပဒေ စိုးမိုးစေမယ့် ပါတီဖြစ်ခြင်း၊ (၉) အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ကြဉ်းပေးမယ့် ပါတီဖြစ်ခြင်း၊ (၁၀) လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့အမျိုးဘာသာ သာသနာကို မှန်မှန်ကန်ကန် မျှမျှတတ စောင့်ရှောက်ပေးမယ့် ပါတီဖြစ်ခြင်း၊ (၁၁) အကျင့်ပျက် ခြစားမှုကို ချေမှုန်းမယ့် ပါတီဖြစ်ခြင်း၊ (၁၂) ပြည်သူသာအမိ ပြည်သူသာအဖ ပါတီဖြစ်ခြင်း၊ (၁၃) ပြည်သူလူထုကို မိဘသဖွယ် စောင့်ရှောက်မယ့် ပါတီဖြစ်ခြင်း၊ (၁၄) ပြည်သူတွေကို ဘ၀အာမခံချက်နဲ့ ဘ၀လုံခြုံမှုပေးမယ့် ပါတီဖြစ်ခြင်း၊ (၁၅) တပ်မတော်ကို စစ်တန်းလျားဆီ သိက္ခာရှိစွာ ပြန်ပို့နိုင်တဲ့ တခုတည်းသော ပါတီဖြစ်ခြင်း၊ (၁၆) ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံတဲ့ ပါတီဖြစ်ခြင်း၊ (၁၇) ချိုးဖောက်ခံရတဲ့ ပင်လုံကတိက၀တ်ကို ပြန်လည်ဖြည့်ဆည်းပေးမယ့် ပါတီဖြစ်ခြင်း၊ (၁၈) စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အရယူပေးနိုင်ရုံမက တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်မယ့် ပါတီဖြစ်ခြင်း၊ (၁၉) လူတိုင်းအတွက် ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ ဖြစ်စေမယ့် ပါတီဖြစ်ခြင်း၊ (၂၀) အခြေခံလူ့အခွင့်အရေးကို အသိအမှတ်ပြုပြီး လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားတဲ့ ပါတီဖြစ်ခြင်း၊ (၂၁) လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား၊ စစ်သားများ အပါအ၀င် လူတိုင်းဘ၀ကို မြှင့်တင်ပေးမယ့် ပါတီဖြစ်ခြင်း၊ (၂၂) တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အပြောမဟုတ် အလုပ်နဲ့သက်သေပြမယ့် ပါတီဖြစ်ခြင်း၊ (၂၃) စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့အတူ မြန်မာကို အာရှကျားတကောင်ဖြစ်စေမယ့် ပါတီဖြစ်ခြင်း၊ (၂၄) ဒီမိုကရေစီပညာရေးအစစ်နဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ထုဆစ်မယ့် ပါတီဖြစ်ခြင်း၊ (၂၅) မြန်မာကို ကမ္ဘာ့အလယ် ခေါင်းမော့ထည်ဝါစေမယ့် ပါတီဖြစ်ခြင်း၊ ကဲ ဒီတော့ ဘာမှတွေဝေနေစရာ မလိုဘူး၊ ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြီး ကိုယ်နှစ်သက်ရာပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ မဲထည့်ဖို့ ပြင်ဆင်ထားပါ။ အားခဲထားပါ။ ကိုယ့်အသည်းကြားကမဲပြား အချည်းအနှီး ဖြစ်မသွားအောင်၊ အသုံးမ၀င်တဲ့ ပယ်မဲဖြစ်မသွားရအောင် မဲပေးဖို့သွားတဲ့အခါ သတိထားနိုင်ဖို့ အောက်ပါအချက်တွေ သတိပြုစေချင်ပါတယ်။ (၁) မဲရုံသွားတဲ့အခါ နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် (မှတ်ပုံတင်လက်မှတ်) ယူသွားဖို့ မမေ့ပါနဲ့။ (၂) ဆန္ဒပြုရမယ့် မဲပြားကတ်ရတဲ့အခါ မဲရုံမှူးလက်မှတ်ပါမပါ အရင်စစ်ပါ။ မပါရင် ပြန်လဲပါ။ မဲပြားကတ်မှာ စွန်းထင်းနေသလား၊ အမှတ်သားတခုခုရှိနေလား ဆိုတာကိုလည်း ကြည့်ရပါမယ်။ ပုံမှန်မဟုတ်တာ၊ မသကာင်္စရာတွေ့ရင် ပြန်လဲပါ။ (၃) မဲပေးရမည့် လျှို့ဝှက်မဲပေးခန်းထဲဝင်၍ မဲပြားကတ်နှင့် တံဆိပ်တုံးကို ထပ်မံစစ်ဆေးပါ။ ဤအခန်းအတွင်းသို့ သင်ရောက်ရှိနေခြင်းဟာ တိုင်းပြည်ကို ယာယီအုပ်ချုပ်မယ့် အစိုးရတရပ်ကို ရွေးချယ်ဖို့ ရောက်ရှိနေတဲ့ နိုင်ငံတော်အာဏာရဲ့ အရှင်သခင်တပါးအနေနဲ့ ရောက်ရှိနေတာဖြစ်လို့ ဘယ်သူ့ကိုမှ စိုးရွံ့ကြောက်လန့်နေစရာ မလိုပါ။ (၄) မဲပြားကတ်ပေါ်တွင် မိမိနှစ်သက်ရာ ပါတီနှင့် ကိုယ်စားလှယ်လောင်းအတွက် တံဆိပ်ထုရန် ပေးထားသော အကွက်ထဲတွင် တိတိကျကျ တံဆိပ်နှိပ်၍ မဲပေးပါ။ မဲပြားပေါ်မှာ ကိုယ့်ဘာသာ အမှားလုပ်မိပြီး မှားမှန်းသိရင် မဲရုံတာဝန်ခံထံရှင်းပြ၍ မဲပြားကတ်အသစ် ပြန်တောင်းယူပါ။ (၅) အထက်ပါအတိုင်း မဲပေးရာတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တို့အတွက် မဲသုံးကြိမ်ပေးရမည်ကို သတိပြုပါ။ (၆) အကယ်၍ မဲဆန္ဒရှင်တွင် တိုင်းရင်းသားကိုယ်စားလှယ်ရှိပါက တိုင်းရင်းသား ကိုယ်စားလှယ် လွှတ်တော်အတွက် အပါအ၀င် မဲလေးကြိမ်ပေးရမည်ကို သတိပြုပါ။ (၇) တံဆိပ်ထုပြီးသားမဲကတ်ပြားကို မဲပုံးထဲသို့ သေချာစွာထည့်ပါ။ ပြီးရင် မဲပေးပြီးကြောင်း ဘယ်လက်သန်းတွင် မှင်တို့ခံခဲ့ပါ။ မဲထည့်ရာတွင် ပယ်မဲများ မဖြစ်ကြစေရန်အတွက် အောက်ပါ ပယ်မဲဖြစ်စေနိုင်သော အချက်များကိုလည်း သတိပြုထားကြစေချင်ပါတယ်။ (၁)  မည်သူ့အားဆန္ဒပြုသည်ကို ဆုံးဖြတ်ရခက်ခဲသောမဲ (ပေးထားရာအကွက်နှစ်ကွက်ပေါ် ခွထုထားခြင်း)၊ (၂) ဆန္ဒပြုရမည့် အကွက်ပြင်ပတွင် ဆန္ဒပြုထားသောမဲ (တံဆိပ်တုံးထုရာတွင် သတ်မှတ်ပေးထားသည့် နေရာတွင် မထုခြင်း)၊ (၃) တကြိမ်ထက်ပို၍ ဆန္ဒပြုထားတဲ့မဲ (တံဆိပ်တုံးကို တကြိမ်ထက်ပို၍ ထုထားသောမဲ)၊ (၄) လုံးဝဆန္ဒပြု မထားသောမဲ (တံဆိပ်တုံးထုမထားသောမဲ)၊ (၅) မဲရုံမှူးလက်မှတ် မပါသောမဲ၊ (၆) အစွန်းအထင်းပါသော၊ ဖျက်ရာများပါသောမဲ၊ (၇) တရားဝင်မဲတံဆိပ်တုံးမှအပ အခြားတံဆိပ်၊ အမှတ်အသားပြုထားသောမဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကို ပြည်တွင်းပြည်ပ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေကနေ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ အသိအမှတ်ပြုခံရအောင် ဖမ်းဆီးခံကျောင်းသားတွေ အားလုံး၊ ထောင်ချခံ နိုင်ငံရေးလှုပ်ရှားတက်ကြွသူအားလုံးကို ခြွင်းချက်မရှိ ရွေးကောက်ပွဲမတိုင်ခင် အမြန်ဆုံး ပြန်လွှတ်ဖို့လိုပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ ဦးသိန်းစိန်တို့ရဲ့ လက်ရှိ စစ်တပိုင်းအစိုးရဟာ ရွေးကောက်ပွဲအတွက် လုံးပန်းနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာရရေးသာ ကြည့်တယ်၊ ကျောင်းသားတွေကို ပစ်ထားတယ်လို့ ဖမ်းဆီးခံ ကျောင်းသားလူငယ်တွေနဲ့ ၀န်းရံပြည်သူတွေက အထင်လွဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့ မလွှတ်ဘူးဆိုရင်တော့ အမှားကြီး မှားပါလိမ့်မယ်။ ကျောင်းသားထုတွင်းမှာလည်း ဗကသ၊ တကသ မခွဲခြားဘဲ ညီညီညွတ်ညွတ် ပြောင်းလဲရေး အတွက် ဘယ်သူလုပ်လုပ် ဟန်ချက်ညီညီချိတ်ဆက် လုပ်ဆောင်ကြဖို့ လိုပါတယ်။ တော်လှန်ရေး သတိကြီးကြီးထားပြီး လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား၊ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ ကုန်သည်ပွဲစား၊ ဈေးသမား၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးပါတီ၊ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အများစုကြီးရဲ့ ညီညွတ်ရေးဟာ ဒီမိုကရေစီအောင်ပွဲရဲ့ အဓိကသော့ချက်ဖြစ်တာ မမေ့ကြပါနဲ့။ ဗကသတင် ညီညွတ်လို့လည်း မဖြစ်ဘူး။ တကသတင် ညီညွတ်နေလို့ မရဘူး။ လူမျိုးတမျိုးတည်း ညီညွတ်နေရုံနဲ့လည်း မပြီးဘူး။ ဘာသာတခုတည်း ညီညွတ်နေရုံနဲ့လည်း မပြည့်စုံဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေတင် ညီညွတ်နေတာနဲ့လည်း ဒီမိုကရေစီ မရနိုင်ဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ရယူမှသာလျှင် ဒီမိုကရေစီမကိုဋ်ပန်းကို ဆွတ်ခူး ဆင်မြန်းနိုင်မှာဖြစ်တယ်။ အဖွဲ့တွေ ကွဲချင်သလောက် ကွဲနေပါစေ၊ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး ဆောင်ရွက်ရာမှာတော့ တစည်းတလုံးထဲ လက်တွဲလုပ်ဆောင်ကြဖို့လိုတယ်။ မြန်မာ့မြေမှာ စစ်အာဏာရှင် အဆိပ်ပင်ကြီးကို အပြီးတိုင် အမြစ်လှန် တူးထုတ်ပစ်နိုင်ဖို့ ပထမခြေလှမ်း အနေနဲ့ အများပြည်သူ ရည်မှန်းတဲ့ ဒီမိုကရေစီပန်းကို မြေချစိုက်ပျိုးဖို့ အချိန်ရောက်နေပါပြီ။ ဒါကြောင့် အခုလာမယ့် ၂၀၁၅ အထွေအထွေရွေးကောက်ပွဲကြီးမှာ ခေတ်ပြောင်းမဲနဲ့ စနစ်ကောင်းဆွဲပြီး ပဉ္စမမြန်မာနိုင်ငံတည်နိုင်အောင် ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ “ဒီမိုကရေစီပန်း” ဆိုတဲ့ ဂန္ထ၀င်ကဗျာကို တိုင်တည်ရင်း စာရေးသူရဲ့ “ခေတ်ပြောင်းမဲ” ကဗျာလေးနဲ့ ဘောင်ကွပ်လို့ ဒီဆောင်းပါးကို နိဂုံးသတ်ပါရစေ။ “ဒီမိုကရေစီပန်း” စိုက်လိုက်စမ်းမကွဲ့ ပန်းရောင်စုံ၊ သင်းထုံပျံ့မွှေး။ "ဒီ" ပန်းတွေ ဖူးဝေသစ်တဲ့အခါ မြေးမြစ်တွေ နောင်တခေတ်မှာ ပန်ရစ်ကြလေး ။        ။ “ခေတ်ပြောင်းမဲ ” မတွေဝေမိပေါင် သေထိတောင် နာခံခက်သေး။ စနစ်ဟောင်းဖြို ခေတ်ပြောင်းမဲနဲ့ စနစ်ကောင်းကြို သွေးတောင်းပွဲ နွှဲကြစို့လေး ။       ။   မင်းကောင်းချစ် စက်တင်ဘာ ၁၃ ရက် ၂၀၁၅ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024