A d v e r t i s e m e n t With Us

နျူကလီးယား ဓာတ်ပေါင်းဖို ပုံမှန် ပြန်လည်ပတ်နေပြီဟု မြောက်ကိုရီးယား ကြေညာ

ဓာတ်ပုံ - ဘီဘီစီ
မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယား ဓာတ်ပေါင်းဖိုကို အင်ပြည့်အားပြည့် ပြန်လည် ပုံမှန်လည်ပတ်နေပြီလို့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနက စက်တင်ဘာ ၁၅ ရက်နေ့က ကြေညာပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်တွေကို အရည်အသွေးရော၊ အရေအတွက်ပါ တိုးမြှင့်ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ အစိုးရပိုင် ကေစီအန်အေ သတင်းဌာနက ကြေညာသွားတာပါ။ အခုပြန်လည် လည်ပတ်တဲ့ ယောင်ပြုန် (Yongbyon) ဓာတ်ပေါင်းဖိုကို ၂၀၀၇ ခုနှစ်က ပိတ်ထားခဲ့တာပါ။ ဒါပေမယ့် တတိယအကြိမ် နျူကလီးယားစမ်းသပ်မှု၊ ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာလာပြီးနောက်ပိုင်း ၂၀၁၃ မှာ ဒီဓာတ်ပေါင်းဖိုကို ပြန်လည် လည်ပတ်မယ်လို့ မြောက်ကိုရီးယား အစိုးရက ပြောဆိုနေခဲ့တာပါ။ ဒီနျူကလီးယား ဓာတ်ပေါင်းဖိုဟာ မြောက်ကိုရီးယား နျူကလီးယားလက်နက် ထုတ်လုပ်ရေး အစီအစဉ်အတွက် လိုအပ်တဲ့ ပလူတိုနီယမ်တွေကို အဓိက ထုတ်လုပ်ပေးတဲ့ ဓာတ်ပေါင်းဖိုပါ။ မြောက်ကိုရီးယား နျူကလီးယားလက်နက် ထုတ်လုပ်ရေး အစီအစဉ် အဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ အင်အားကြီးနိုင်ငံတွေနဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲ ကျင်းပခဲ့ပေမယ့်လည်း ဆွေးနွေးပွဲဟာ ဘယ်ကိုမှမရောက်ဘဲ ၂၀၀၈ ခုနှစ်က ရပ်ဆိုင်းသွားခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က ကေစီအန်အေ အစိုးရရုပ်သံမှာ ကြေညာသွားတာကတော့ အမေရိကန်နိုင်ငံရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ မြောက်ကိုရီးယား နိုင်ငံက အသင့်ပဲလို့လည်း ပြောဆိုသွားတာပါ။ မြောက်ကိုရီးယားနိုင်ငံက အခုလို ပြောဆိုနေပေမယ့် နျူကလီးယားလက်နက် ထုတ်လုပ်မှုစွမ်းရည် ဘယ်အထိ ပေါက်မြောက်မယ် ဆိုတာကတော့ ဘယ်သူမှ အတိအကျ မသိကြပါဘူး။ နျူကလီးယား ထိပ်ဖူးတပ်ဒုံးကျည်နဲ့ မြောက်ကိုရီးယားရဲ့ ရန်သူနိုင်ငံတွေကို ပစ်ခတ်နိုင်ပြီလို့ ပြောဆိုနေပေမယ့် အမေရိကန်စစ်တပ် အရာရှိတွေကတော့ သံသယ ဖြစ်ကြပါတယ်။ အမေရိကန် နျူကလီးယား ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားနိုင်ငံဟာ အထူးလျှို့ဝှက်ပြီး အချက်အလက်များများ ထုတ်ပြန်ခြင်းလည်း မရှိတဲ့အတွက် တိတိကျကျပြောဆိုဖို့ ခက်ခဲတယ်လို့ ပြောဆိုကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up