အပူပိုင်းမုန်တိုင်း ဗီယက်နမ် ကုန်းတွင်း ၀င်ရောက် (ရုပ်သံ)

အပူပိုင်းမုန်တိုင်း ဗမ်ကိုဟာ စက်တင်ဘာ ၁၄ ရက်နေ့နှောင်းပိုင်းက စပြီး ဗီယက်နမ် နိုင်ငံ ကုန်းတွင်းကို ဝင်ရောက်တာမို့ ဗီယက်နမ် အလယ်ပိုင်းခရိုင်တွေမှာ မုန်တိုင်းဒဏ်အတွက် ပြင်ဆင်ထားတာပါ။ ဒါနန်းဆိပ်ကမ်းမြို့မှာ အာဏာပိုင်တွေက ကျောင်းသားတွေကို အိမ်ပြန်ပို့ခဲ့ပြီး ကမ်းရိုးတန်းမြို့တွေမှာ ကျောင်းတွေကို ပိတ်ထားပါတယ်။ ငါးဖမ်းလှေတွေကိုလည်း မုန်တိုင်းအားလျော့သွားတဲ့ အချိန်အထိ ဆိပ်ကမ်းကနေ မခွာဖို့ တားမြစ်ထားပါတယ်။ ဒေသတွင်း လေဆိပ်တွေမှာ မိုးကြီးပြီး လေပြင်းနေလို့ လေကြောင်းခရီးစဉ် ၄၈ ခု ဖျက်သိမ်းထားပြီး ဒါဇင်နဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေကိုတော့ လမ်းကြောင်းလွှဲထားပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ကမ်းရိုးတန်းတလျှောက် ခရိုင်တွေဖြစ်တဲ့ ကွမ်ဘင်ကနေ ဘင်ဒင်ခရိုင်တွေက ဒေသခံတွေကတော့ သူတို့အိမ်တွေနဲ့ အမိုးတွေကို အားဖြည့်ဖို့ အသည်းအသန် ပြင်ဆင်ခဲ့ကြပါတယ်။ ဗီယက်နမ် ကမ်းရိုးတန်းစောင့်တပ်က ကမ်းလွန်ဒေသကို ရောက်နေတဲ့ ရာနဲ့ချီတဲ့ ငါးဖမ်းလှေတွေကို နီးစပ်ရာ ဆိပ်ကမ်းတွေမှာ ခိုလှုံကြဖို့ ရေဒီယိုစက်တွေနဲ့ ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် ပင်လယ်ထဲ လှိုင်းလေ ကြမ်းတမ်းမှုကြောင့် ပဲ့ထိန်းနိုင်မှု မရှိဘဲ မျောပါနေတဲ့ ငါးဖမ်းလှေတစီးကို ကမ်းရိုးတန်းစောင့်တပ်က ကယ်ခဲ့ရတယ်လို့ ဗီယက်နမ် အမျိုးသားရုပ်သံ (ဗွီတီဗွီ) က အစီရင်ခံပါတယ်။ ဗီယက်နမ် အမျိုးသား မိုးလေဝသဌာနက မုန်တိုင်းကြောင့် မိုးကြီးပြီး လေတိုက်နှုန်း ၁ နာရီ ကီလို ၆၀ ကနေ ၇၅ ကီလိုမီတာထိ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဗီယက်နမ် ကပ်ဘေးထိန်းချုပ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး အမျိုးသားကော်မတီကလည်း မုန်တိုင်းအတွက် အဆင့်မြင့် တပ်လှန့်ထားပါတယ်။ ဗီယက်နမ် အလယ်ပိုင်းခရိုင်တွေမှာ ရေကြီးမြေပြိုမယ့်ဘေး ရှိတယ်လို့ သတိပေးထားပါတယ်။ ဒီမုန်တိုင်းဟာ ဒီနှစ်အတွင်း ဗီယက်နမ်ကိုဝင်မယ့် တတိယမြောက် အပူပိုင်းမုန်တိုင်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up