Home
မြန်မာသတင်း
မူးယစ်တိုက်ဖျက်ရေး ထိထိရောက်ရောက် မဆောင်ရွက်သည့်နိုင်ငံအဖြစ် မြန်မာကို အမေရိကန်သတ်မှတ်
DVB
·
September 15, 2015
မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုက်ဖျက်ရေးကို ထိရောက်လုံလောက်အောင် ဆောင်ရွက်ပြနိုင်ခြင်းမရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။ ကမ္ဘာတ၀န်း မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ မှောင်ခိုသယ်ယူ ဖြတ်သန်းတဲ့ နိုင်ငံတွေရဲ့ အခြေအနေအပေါ် အမေရိကန် သမ္မတအိုဘားမားရဲ့ အကဲဖြတ်သတ်မှတ် ဆုံးဖြတ်ချက်တွေကို အိမ်ဖြူတော်က စက်တင်ဘာလ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာထားတာပါ။ မြန်မာအပါအ၀င် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ကိုလံဘီယာ၊ မက္ကစီကို၊ လာအို၊ အိန္ဒိယ၊ ပနားမား၊ပီရူးစတဲ့နိုင်ငံပေါင်း ၂၂ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို သိသိသာသာ ထိခိုက်စေတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးတွေ တရားမ၀င် ထုတ်လုပ် မှောင်ခိုဖြတ်သန်းတဲ့ အဓိကပင်ရင်းနိုင်ငံတွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒီနိုင်ငံတွေထဲက မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံ ၃ နိုင်ငံဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်း မူးယစ်တိုက်ဖျက်ရေး နိုင်ငံတကာသဘောတူညီချက်ပါ လုပ်ဆောင်ရမယ့် တာဝန်တွေကို လိုက်နာဆောင်ရွက်ဖို့ သိသာထင်ရှားတဲ့အားထုတ်မှုတွေ လုပ်မပြခဲ့ဖူးလို့ ဆိုပါတယ်။ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသဘောတူစာချုပ်ပါ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရား တွေကိုပြည့်မီအောင်ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့နိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေခံရနိုင်တာပါ။ ဒါပေမယ့် ဒီကိစ္စမှာတော့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ ဒီမိုကရေစီရေးမြှင့်တင်အားပေးထောက်ခံဖို့ အစီအစဉ်တွေကူညီပေးဖို့ သမ္မတက ဆုံးဖြတ်ထားတယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရွှေတြိဂံဒေသက မြန်မာနဲ့လာအိုနိုင်ငံတွေဟာ ကမ္ဘာမှာ တရားမ၀င်ဘိန်းစိုက်ပျိုးမှု ဒုတိယနဲ့ တတိယအများဆုံးနိုင်ငံတွေဖြစ်ပြီး ဒီနိုင်ငံတွေမှာ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတန်ပြန် ဆောင်၇ွက်ဖို့အတွက် အစိုးရအဖွဲ့အစည်းတွေအားကောင်းဖို့လိုသလို စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ လည်းလိုအပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ တရုတ်နိုင်ငံက တရားမ၀င်မူးယစ်ဆေးဝါးလှုပ်ရှားမှုတွေ အထူးသဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုဗေဒပစ္စည်းထုတ်လုပ်မှုတွေ အပေါ် ပိုမို အာရုံစိုက်ကြဖို့လည်း အမေရိကန်ကတိုက်တွန်းထားပါတယ်။ မြန်မာအစိုးရကတော့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေကို တိုးမြှင့်ပြုလုပ်နေရာမှာ ပြီးခဲ့တဲ့ဇွန်လ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မှာ အမေရိကန် ဒေါ်လာ ၂၄၄ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကတော့ ရန်ကုန် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်ရပ်ထားတဲ့ ကားတစ်စီးပေါ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၂၆၇ သိန်းလောက်ကို ရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့ သိမ်းဆည်းရ မိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024