မလေးရှားရှိ ချင်းဒုက္ခသည်မှတ်ပုံတင်မှု ကန့်သတ်

3K
မလေးရှားနိုင်ငံရောက် ချင်းလူမျိုးတွေအပါအ၀င် လူနည်းစုတိုင်းရင်းသားတွေအပေါ် မှတ်ပုံ တင်ပေးမှုကို လျော့ချမယ့်အစီအစဉ်သစ်တခုကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကြေညာပါတယ်။
ဒုက္ခသည် ကာကွယ်စောင့်ရှောက်ရေးရှုထောင့်က ကြည့်ရင် မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ မတည်ငြိမ်သေးပေမယ့် ချင်းပြည်နယ်ဟာ အတော်လေးတည်ငြိမ်ပြီး လုံခြုံစိတ်ချရတဲ့ အနေအထားမှာ ရှိတာကြောင့် ဒုက္ခသည်စောင့်ရှောက်မှုအရ “အရည်အချင်း ပြည့်မီကြောင်း ပုံသေမှတ်ယူခြင်း (POE) စနစ်အစား “ရပ်တည်ချက်အခြေအနေ သုံးသပ်ခြင်းအစီအစဉ် (SVP)’ နဲ့ အစားထိုး ဆောင်ရွက်မှာဖြစ်တယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီအစီအစဉ်သစ်အရ အမှန်တကယ် အန္တရာယ်ရှိနေတဲ့အုပ်စုနဲ့ တဦးချင်း အားကိုးရာမဲ့ နေသူတွေကို UNHCR က ဦးစားပေးမှတ်ပုံတင်ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ယေဘုယျအားဖြင့် ချင်းလူ့အသိုင်းအ၀ိုင်းအတွက် မှတ်ပုံတင်တဲ့ကိစ္စကို ဦးစားပေး ဆောင်ရွက်တော့မှာ မဟုတ်ကြောင်းနဲ့ (SVP) စစ်ဆေးသုံးသပ်ချက်အရ အမှန်တကယ် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သူတွေကိုသာ မှတ်ပုံတင်ပေးသွားတော့မယ်လို့ ဆိုပါတယ်။
မှီခိုသူ သားသမီးတွေနဲ့ သူတို့ရဲ့ မိခင်တွေကိုတော့ မိသားစုပေါင်းစည်းရေးစနစ်အရ ဆက်လက်မှတ်ပုံတင်ပေးသွားမှာဖြစ်ပေမယ့် UNHCR မှာ မှတ်ပုံတင်ထားသူတွေရဲ့ ထိမ်းမြားသူတွေကိုတော့ အလိုအလျောက်မှတ်ပုံတင်ပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လက်ရှိမှတ်ပုံတင်ထားပြီးသား ချင်းလူမျိုးတွေအတွက် အရင်းအမြစ်ပေါ်မူတည်ပြီး ကူညီထောက်ကူ သွားမယ့်အကြောင်းနဲ့ အကူအညီဟာ ကိုယ်ထူကိုယ်ထ ကြိုးစားမှုအပေါ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်သာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
ဒီအစဉ်အစဉ်သစ်ကြောင့် မလေးရှားရှိ ချင်းလူ့အဖွဲ့အစည်းအတွက် အခက်တွေ့မှု၊ အထူးသဖြင့် UNHCR အထောက်အထား မရှိသေးသူတွေအတွက် အင်မတန်ခက်ခဲစေမယ့် အခြေအနေ ကြုံတွေ့ရမယ်ဆိုတာကို သိပါကြောင်းနဲ့ ဒါကို ဖြေရှင်းပေးဖို့အတွက် ရွှေ့ပြောင်းလုပ်သားအဖြစ် တရားဝင် အလုပ်လုပ်ခွင့်ရရေးကို မလေးရှားအစိုးရနဲ့ ညှိနှိုင်းနေပြီး သတင်းအချက်အလက်တွေ ကို အခါအားလျော်စွာ အကြောင်းကြားမယ်လို့ ဆိုပါတယ်။
ဒီသဘောထားထုတ်ပြန်ချက်ဟာ လွန်ခဲ့တဲ့ တပတ်ကျော်က ကွာလာလမ်ပူအခြေပြု ယူအန်အိပ်စခ်ျစီအာရ်ရုံးမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီးနောက် ပေါ်ပေါက်လာတာလို့ မြန်မာနိုင်ငံ သား ကိုစန်းဝင်းက ပြောပါတယ်။
“ဟိုရက်ပိုင်းက ယူအန်အိပ်ခ်ျစီအာရ်မှာ ရေဘေးနဲ့ပတ်သက်ပြီး ဒီမှာရောက်နေတဲ့သူတွေကို ယူအန်ပေးမယ်ဆိုပြီး လုပ်တော့ အဲဒီမှာ လူတွေ တအားစွတ်တိုးပြီး စည်းနဲ့ကမ်းနဲ့မရှိကြဘူး၊ ၀င်းတံခါးတွေပါ တက်တဲ့အနေအထားရောက်ကုန်တယ်။ ရဲတွေဘာတွေရောက်ပြီး ၁ ရက် ၂ ရက်လောက် လူစုလူဝေးကြီးဖြစ်နေတယ်။ အဲဒါ ဗွီအိုင်ပီ လမ်းကြောပိတ်ပြီး ဘယ်သူမှ ဒီနှစ်ထဲမှာ ဘယ်သူမှ ယူအန်အိပ်ခ်ျစီအာရ်မပေးတော့ဘူးဆိုပြီးကြေညာပစ်လိုက်တယ်။ ချင်းရယ်လို့တော့ သီးသန့်မဟုတ်ပါဘူး။ ” လို့ ပြောပါတယ်။
မလေးရှားယူအန်အိပ်ခ်ျစီအာရ်ဟာ ချင်းတွေကို ဦးစားပေးတယ်ဆိုပြီး ရိုဟင်ဂျာတွေနဲ့ မူဆလင် တွေရဲ့ ဆန်ဒပြမှုကို အကြိမ်ကြိမ်ကြုံ့တွေ့ရဖူးတယ်လို့ သူက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ လခန့်ကတော့ မလေးရှားတာဝန်ရှိသူတွေက ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ စက်ရုံ အလုပ်ရုံတွေမှာ လိုအပ်တဲ့ လုပ်သားအင်အားကို ဖြည့်ဆည်းဖို့ ဘင်္ဂလားဒေ့ရ်ျနိုင်ငံသား တသန်းခွဲကို ခေါ်ယူမယ့်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
ဒုက္ခသည် အစီအစဉ်သစ်နဲ့ပတ်သက်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နေထိုင်တဲ့ မြန်မာတဦးကို ဆက်သွယ်မေးမြန်းရာမှာ “အမှန်တကယ်က ဒုက္ခမရောက်တဲ့သူကလည်း ဒုက္ခရောက်တယ်ဆိုပြီး လျှောက်တယ်၊ ဥပမာ- ဒုက္ခသည်လျောက်တာ ကျနော့်ရဲ့ကိုယ်တာတခုကို သူများကို ရောင်းစားတယ်။ ဒီဟာတွေက နောက်ရောက်တဲ့ UNHCR အရာရှိက စီစစ်တွေ့ရှိတဲ့အခါကျတော့ ဒါတွေက လိမ်လည်မှုအနေနဲ့လုပ်နေတာပေါ်တော့ နောက်ပိုင်းလူတွေကို မပေးတော့ပါဘူးဆိုပြီးတော့ ရပ်ပစ်လိုက်တယ်ပေါ့နော်။ လျှောက်တုန်းက နာမည်အမှန်မပြောသူတွေက ပြန်စီစစ်ခံရတဲ့အခါ မေးမြန်းရင်း နာမည်အမှန်တွေထွက်လာပြီး အလိမ်တွေပေါ်ကုန်တာမျိုးတွေ” လို့ သူက ပြောပါတယ်။
ဒီအစဉ်အစဉ်သစ်ကြောင့် မလေးရှားရှိ ချင်းလူ့အဖွဲ့အစည်းအတွက် အခက်တွေ့မှု၊ အထူးသဖြင့် UNHCR အထောက်အထား မရှိသေးသူတွေအတွက် အင်မတန်ခက်ခဲစေမယ့် အခြေအနေကို ဖြေရှင်းပေးဖို့အတွက် ရွှေ့ပြောင်းလုပ်သားအဖြစ် တရားဝင် အလုပ်လုပ်ခွင့်ရရေးကို မလေးရှား အစိုးရနဲ့ ညှိနှိုင်းနေပြီး သတင်းအချက်အလက်တွေကို အခါအားလျော်စွာ အကြောင်းကြားမယ်လို့ ဆိုပါတယ်။
မလေးရှားမှာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်သူတွေကို အလုပ်ပေးလုပ်ဖို့ ဇွန်လ ၂၂ ရက်နေ့တုန်းက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေ လာတင်ပြတယ်လို့ ပါလီမန်ရေးရာတာဝန်ခံ Datuk Seri Shahidan Kassim က ပြောဆိုချက်ကို အန်အက်စ်တီအွန်လိုင်းသတင်းက ဖော်ပြခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ ဒုက္ခသည် ၁၅၃ ၀၀၄ ဦးနဲ့ ခိုလှုံခွင့်လျှောက်ထားသူ ၅၅၀၄၈ ဦးကြောင်း၊ အဲဒီထဲမှာ အများဆုံးအရေအတွက်တွေဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ သူက ပြောပါတယ်။ အဲဒီထဲမှာ ချင်းတိုင်းရင်းသား ၄၉၃၄၀ ဦး၊ ရိုဟင်ဂျာ ၄၆၅၈၁ ဦး၊ မူဆလင် ၁၂၂၉၈ ဦး နဲ့ ရခိုင်လူမျိုး ၇၂၆၆ ဦးပါဝင်တယ်လို့ဆိုပါတယ်။ ကျန်သူတွေထဲမှာ အာဖဂန်နစ္စတန်က ၄၀၈ ဦး၊ အီရန်က ၅၂၉ ဦး၊ ပါလက်စတိုင်းက ၁၁၉၃ ဦးနဲ့ ဆိုမာလီယာက ၁၀၇၂ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံရှိ မြန်မာသံရုံးနဲ့ နီးစပ်တဲ့ ကိုသီဟက “ယူအန်အိပ်ခ်ျစီအာရ်ကတ်ကိုင်ပြီးတော့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ခွင့်မရှိဘူးခင်ဗျ။ work permit (အလုပ်လုပ်ခွင့်ပြုချက်) အနေနဲ့ပဲ လုပ်လို့ရမယ်။ work permit လုပ်မယ်ဆိုရင်လည်း မြန်မာသံရုံးမှာ လာပြီးတော့ ပတ်စပို့လျှောက်ရမယ်ပေါ့နော်။ ပတ်စပို့လျှောက်ဖို့အတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မိတ္တူရှိရမယ်။ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ အဲဒါတွေရှိရမယ်။ အဲဒီ အထောက်အထားတွေမရှိရင် သံရုံးအနေနဲ့ စာအုပ်ထုတ်ပေးခွင့်ပြုမှာမဟုတ်ဘူး။ အထောက်အထားကို သံရုံးက ၂ လလောက်စိစစ်ပြီးမှ ထုတ်ပေးတာ။ စာအုပ်မရှိရင် work permit လျောက်လို့မရဘူး” လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက နိုင်ငံတွင်း အကျပ်အတည်းမျိုးစုံကြောင့် မြန်မာနိုင်ငံနေ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေဆီကို သိန်းပေါင်းများစွာ ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။
ကုလသမဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည်အဖြစ် လျောက်လို့ အသိအမှတ်ပြုခံရသူတွေဟာ စားဝတ်နေရေးအတွက် ထိုက်သင့်တဲ့ ထောက်ပံ့ကြေးရရှိသလို အမေရိကန်၊ ဆွီဒင်၊ ဒိန်းမတ်။ နယ်သာလန်၊ ကနေဒါ၊ နော်ဝေ စတဲ့ တတိယနိုင်ငံတွေကိုလည်း သွားရောက်အခြေချနေထိုင်ဖို့ လျောက်ခွင့်ရှိပါတယ်။