လူထုအမြင်နဲ့ ခေတ်အဆက်ဆက် မဲပေးပုံ

844
မြန်မာနိုင်ငံမှာ ပါတီစုံရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၆၀ ကျော်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲဟာ ၁၉၈၈ နောက်ပိုင်း တနိုင်ငံလုံး ကျင်းပတဲ့ တတိယအကြိမ်မြောက် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေကိုတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေအဖြစ် သတ်မှတ်ကြတာ ဖြစ်တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲကတော့ ဘယ်လောက်အထိ လွတ်လပ်မလဲဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခံရတဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ၃ ဆလောက် များလာတာ တွေ့ရပါတယ်။ ၁၉၉၀ တုန်းက ပါဝင်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေ ၂၂၉၆ ဦးသာ ရှိခဲ့ပေမယ့် အခု ၂၀၁၅ မှာတော့ ၆၁၈၉ ဦးအထိ ရှိလာတာပါ။ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီအရေအတွက်ကတော့ အတူတူလောက်ပဲ ဖြစ်ပါတယ်။ ၁၉၉၀ တုန်းက နိုင်ငံရေးပါတီအဖွဲ့အစည်း ၉၃ ဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ၂၇ ပါတီသာ အမတ်နေရာရခဲ့တာ ဖြစ်တယ်။ ဒီထဲမှာ အများဆုံး အမတ်နေရာရတဲ့ ၅ ပါတီကို ပြောမယ်ဆိုရင် အန်အယ်လ်ဒီ ၃၉၂ ဦး၊ အက်စ်အန်အယ်လ်ဒီ ၂၃ ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၁၁ ဦး၊ တစည ၁၀ ဦးနဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ၅ ဦးဆိုပြီး တွေ့ရမှာပါ။ လွတ်လပ်မှု၊ တရားမျှတမှု မရှိဘူးလို့ အားလုံးသိကြတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ အန်အယ်လ်ဒီ မပါဝင်ခဲ့ပေမယ့် တိုင်းရင်းသားပါတီတွေက အမတ်နေရာ အများအပြား အနိုင်ရခဲ့တာ တွေ့ရမှာပါ။ လွတ်လပ်ပြီး တရားမျှတမှု ရှိခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ တပါတီတည်းကသာ ပါဝင်ယှဉ်ပြိုင်တဲ့ အမတ်နေရာ ၄၄ နေရာမှာ ၄၃ နေရာအထိ အနိုင်ရခဲ့တာ ဖြစ်တယ်။
လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကစလို့ ၁၉၅၆ ရွေးကောက်ပွဲနဲ့ ၁၉၆၀ ရွေးကောက်ပွဲအပါ စုစုပေါင်း ၃ ကြိမ်ကို လွတ်လပ်တဲ့ ရွေးကောက်ပွဲများအဖြစ် ယေဘုယျ သတ်မှတ်ကြတာပါ။ ဒီရွေးကောက်ပွဲတွေရဲ့ မဲရပုံကို ပြန်ကြည့်ရင် ၁၉၄၇ ရွေးကောက်ပွဲမှာ ပြည်မအတွက် အမတ်နေရာ ၁၈၂ နေရာမှာ ဖဆပလက ၁၇၁ နေရာ အနိုင်ရပြီး အပြတ်အသတ် နိုင်ခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းက ကွန်မြူနစ်အမတ် ၇ နေရာနဲ့ ကျန်တာက တသီးပုဂ္ဂလနဲ့ လူမျိုးစုအမတ်များက အနိုင်ရတာပါ။ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲမှာတော့ ဖဆပလက အမတ်နေရာ ၁၄၄ နေရာနဲ့ လက်ဝဲညီညွတ်ရေး တပ်ပေါင်းစုဖြစ်တဲ့ ပမညတက ၄၇ နေရာသာ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ရခိုင် ၆ နေရာနဲ့ တသီးပုဂ္ဂလ ၉ နေရာ အနိုင်ရခဲ့ပါတယ်။ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် ယှဉ်ပြိုင်ကြတဲ့ ၁၉၆၀ ရွေးကောက်ပွဲမှာတော့ သန့်ရှင်း ဖဆပလက အမတ်နေရာ ၁၅၉ နေရာနဲ့ တည်မြဲ ဖဆပလက ၄၂ နေရာသာ အနိုင်ရခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ပမညတက အမတ်နေရာ တနေရာမှ အနိုင်မရခဲ့ဘဲ ကျန်တိုင်းရင်းသားများက ရှမ်းအမတ် ၂၃ နေရာ အပါ ၃၇ နေရာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
တွေ့ရတာကတော့ လွတ်လပ်ပြီး တရားမျှတတယ်လို့ ဆိုကြတဲ့ ရွေးကောက်ပွဲတွေ အားလုံးမှာ ပါတီတခုတည်းကသာ အမတ်နေရာ အများစုကြီးကို ရလေ့ရှိတယ် ဆိုတာပါပဲ။ ဒါဟာ မြန်မာပြည်သူများရဲ့ ယေဘုယျ မဲပေးပုံလို့ ဆိုနိုင်ပါတယ်။ ပြန်ပြီး ခွဲခြားကြည့်မယ် ဆိုရင်တော့ ဖဆပလခေတ် မဲပေးပုံဟာ လွတ်လပ်ရေးတိုက်ပွဲ၊ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွေရဲ့ အရှိန်နဲ့ ဖြစ်တည်လာတဲ့ မဲပေးပုံဖြစ်ပြီး ၈၈ နောက်ပိုင်း မဲပေးပုံကတော့ မဆလခေတ်နဲ့ န၀တခေတ်အပေါ် မုန်းတီးနာကြည်းမှု အခြေခံက လာတဲ့ မဲပေးပုံလို့ ဆိုရမှာပါ။ ဒီလို ခေတ်အပြောင်းအလွဲကြီးတွေမှာ လူထုချစ်တဲ့၊ ယုံကြည်လေးစားတဲ့ ခေါင်းဆောင်တွေနဲ့ ပါတီတွေ ထွက်ပေါ်လာလေ့ ရှိပါတယ်။ ဒီလို ခေါင်းဆောင်နဲ့ ပါတီတွေကို လူထုက ပြတ်ပြတ်သားသားပဲ တိုင်းပြည်အကျိုး ထမ်းရွက်ဖို့ ရွေးချယ်လိုက်ကြတာပါ။
လွတ်လပ်ရေးမတိုင်မီနဲ့ ဖဆပလခေတ်အထိ မတင်ပြတော့ဘဲ မဆလခေတ် အငွေ့အသက်များကိုတော့ အနည်းငယ် တင်ပြပါမယ်။ မဆလခေတ်မှာ ၁၉၇၄ အထိ ရွေးကောက်ပွဲတွေ မလုပ်နိုင်ခဲ့ပါဘူး။ ၁၉၇၄ ဇန်န၀ါရီမှာ ရွေးကောက်ပွဲတွေ ပြန်စခဲ့တယ်။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ကောင်စီ အဆင့်ဆင့်အတွက် ရွေးချယ်မဲပေးခဲ့ကြရတာပါ။ ဒီရွေးကောက်ပွဲတွေကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက လုပ်တာဖြစ်လို့ ရိုးဖြောင့်မှု မရှိခဲ့ပါဘူး။ စစ်ဝတ်စုံကနေ လူဝတ်လဲပြီး အရွေးခံခဲ့ကြတာပါ။ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ကို သူတို့ပဲ ရကြသလို၊ မနိုင် နိုင်အောင်လည်း လုပ်ခဲ့ကြတာပါ။ စစ်အာဏာသိမ်း အစိုးရကနေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဆိုတာကို ဦးနေ၀င်းက ဦးဆောင် ထူထောင်ခဲ့တာပါ။ ဒါပေမယ့် ဒီကာလတွေ အတွင်းမှာပဲ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံဘ၀ကနေ အဆင်းရဲဆုံးအဆင့်အထိ ကျရောက်သွားတာ ဖြစ်လို့ ပြည်သူလူထုအတွက် ဘာမှ အကျိုးမရှိခဲ့ပါဘူး။
၈၈ ခုနှစ်မှာ ပြည်သူတွေရဲ့ ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပါတယ်။ ဦးနေ၀င်းအစိုးရ ပြုတ်ကျခဲ့ပေမယ့် အရေးတော်ပုံ မအောင်ခဲ့ပါဘူး။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ လူထုအရေးတော်ပုံကို ရက်ရက်စက်စက် နှိမ်နင်းပြီး အာဏာကို ရယူခဲ့တာ ဖြစ်တယ်။ မဆလခေတ်နဲ့ ဒီအာဏာသိမ်းမှုအရှိန်တွေ အားလုံးက ၁၉၉၀ ရွေးကောက်ပွဲရဲ့ မဲပေးပုံကို အဆုံးအဖြတ် ဖြစ်စေတာပါ။ ဒီရွေးကောက်ပွဲက လူထုရဲ့ ဒီမိုကရေစီ လိုလားမှုကို အထင်ရှားဆုံး ပြသခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ဒါပေမယ့် လူထုပါတီထံကို အာဏာလွှဲမပေးခဲ့ပါဘူး။ ဗိုလ်ချုပ်စောမောင် ကိုယ်တိုင် အကြိမ်ကြိမ် စစ်တန်းလျားကို ပြန်မယ်ဆိုပြီး ကတိတွေ ပေးခဲ့ပေမယ့် ၉၀ ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းပေးအပ်ဖို့ န၀တက ငြင်းဆန်ခဲ့တာပါ။ ၉၀ ရွေးကောက်ပွဲဟာ အာဏာလွှဲပေးဖို့ မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့သာ ဖြစ်တယ်လို့ ဗြောင်လိမ်ညာ၊ ဗြောင်ငြင်းဆန်ခဲ့ကြတာ ဖြစ်တယ်။ နောက်ပိုင်း သူတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ အကြောင်းပြချက်နဲ့ တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော် စစ်အာဏာရှင်စနစ်နဲ့ စိုးမိုး အုပ်ချုပ်ခဲ့ကြတာ ဖြစ်တယ်။ ဒီကာလအတွင်းမှာပဲ မြန်မာနိုင်ငံဟာ ၁၉၉၀ နောက်ပိုင်း အပြောင်းအလဲတွေ ဆင်နွှဲခဲ့ကြတဲ့ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေရဲ့ နောက်မှာ အပြတ်အသတ် ကျန်ခဲ့တာ ဖြစ်တယ်။ စီးပွားရေး တိုးတက်မှု မရှိတဲ့အပြင် သယံဇာတတွေပါ ကုန်ခန်း၊ သစ်တောတွေ ပြုန်းတီးတဲ့အပြင် လူတွေရဲ့ အကျင့်စရိုက်တွေ အထိပါ ဆိုးကျိုးတွေ သက်ရောက်စေခဲ့တာ ဖြစ်တယ်။ ဒီအခြေအနေတွေကနေ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မဲပေးပုံကို ဖြစ်စေခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲကတော့ အတိုက်အခံပါတီကို တဘက်သတ် ပိတ်ဆို့ ကန့်သတ်ထားတဲ့အပြင် ပါတီငယ်တွေနဲ့ တိုင်းရင်းသား ပါတီတွေအပေါ် မသမာနည်းနဲ့ အနိုင်ရယူခဲ့တာတွေ ရှိတဲ့အတွက် ထည့်သွင်းတွက်ချက်ရန် လိုတဲ့ စာရင်းထဲမှာ မပါဝင်ပါဘူး။
အခု ၂၀၁၅ ရွေးကောက်ပွဲကတော့ တမျိုး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ၂၀၁၁ အစိုးရ အဖွဲ့ထဲက သက်တမ်းတခုကုန်ရင် ဆက်လက် တာဝန်မထမ်းဆောင်တော့ဘူး ဆိုတဲ့ ပုဂိ္ဂုလ်တွေ အားလုံးဟာ အခု ရွေးကောက်ပွဲမှာ မီးကုန်ယမ်းကုန် ယှဉ်ပြိုင်ဖို့ လုပ်နေကြတယ်။ ဗိုလ်ချုပ်အချို့ကလည်း တပ်ကထွက်ပြီး ကြံ့ခိုင်ရေး အမတ်လောင်းများအဖြစ် အရွေးခံဖို့ လုပ်လာတယ်။ တနေ့ကဆိုရင် ဗိုလ်ချုပ်ဟောင်း တယောက်က သူအရွေးခံမယ့် မဲဆန္ဒနယ်မှာ သိန်း ၆၄၀ ဖိုး ကူညီထောက်ပံ့မှုတွေ လုပ်တာ တွေ့ရတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်း တယောက်ရဲ့ မဲဆွယ် ကုန်ကျစရိတ်ဟာ သိန်း ၁၀၀ ထက် မကျော်ဘဲ ဖြစ်ရမှာဖြစ်ပြီး တရားဝင် မဲဆွယ်ရက် (စက်တင်ဘာ ၈ ရက်) ကလည်း မရောက်သေးပါဘူး။ အနိုင်ရလိုစိတ်တွ အလွန်များနေတယ် ဆိုတာကို တွေ့ရတာပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့် အနိုင်ရလိုကြတာလဲ၊ ပြည်သူလူထု အကျိုးစီးပွား အတွက်လား။ ဘယ်သူ့ အကျိုးစီးပွား၊ ဘယ်အုပ်စု ရပ်တည်ရေး အတွက်လဲ ဆိုတာတွေကို လူထုကတော့ သုံးသပ်ကြမှာ ဖြစ်ပါတယ်။
ခြုံပြောရရင်တော့ ၂၀၁၁ ခုနှစ်မှာ တက်လာတဲ့ အစိုးရဟာ လူထုအကျိုးစီးပွားကို ဘယ်လောက် အောင်မြင်အောင် ဆောင်ရွက်ခဲ့သလဲ။ အာဏာရှင် အငွေ့အသက်တွေကို ဘယ်လောက် ကုန်စင်အောင် တိုက်ဖျက်နိုင်ခဲ့သလဲ။ ခရိုနီ အကျိုးစီးပွား၊ ဦးပိုင် အကျိုးစီးပွားတွေကို ဘယ်လောက် ကာကွယ်ခဲ့သလဲ။ ဒီအချက်အလက်တွေကို လူထုအတွက်ကတော့ ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေနဲ့ ဖော်ပြစရာ မလိုဘဲ အလိုလို သိနေပြီးသား ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကိစ္စတွေမှာ လက်ရှိ အစိုးရရဲ့ ရမှတ်တွေက အလွန်နိမ့်နေပါတယ်။ ၆၂ ခုနှစ်ကစလို့ ရှိလာတဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီး တခုလုံးအပေါ် လူထုရဲ့ ခြုံငုံပြီး မြင်တဲ့အမြင်က ရှိပြီးသားပါ။ ဒါကြောင့် ၂၀၁၅ ဟာလည်း ယခင် ခေတ်အဆက်ဆက်က လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲများလို လူထုကို ကိုယ်စားပြုတဲ့ ပါတီကိုသာ ပုံအောပြီး မဲပေးကြမှာပဲ ဖြစ်ပါတယ်။
Zဖေ၀င်း
(မှတ်ချက်-ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၅၀၊ ဆရာ Zဖေ၀င်း ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။)