၂၀၁၆ မစ်စ်အမေရိကား အဖြစ် ဂျော်ဂျီယာပြည်နယ်မယ် ရွေးချယ်ခံရ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မြို့တော် အတ္တလန်တစ်စီးတီးမှာ စက်တင်ဘာ ၁၃ ရက်နေ့က ကျင်းပတဲ့ ၂၀၁၆ မစ်စ် အမေရိကား မယ်ရွေးပွဲမှာ ဂျော်ဂျီယာပြည်နယ်မယ် ဘတ်တီ ကန်ထရယ်လ် (Betty Cantrell) က သရဖူဆုကို ဆွတ်ခူးသွားပါတယ်။ ၁၉၅၈ နောက်ပိုင်း ဂျော်ဂျီယာပြည်နယ်မယ်က မစ်စ်အမေရိကား သရဖူဆုကို ပထမဆုံး ပြန်လည်ဆွတ်ခူးတာပါ။ အရင်နှစ် မစ်စ်အမေရိကား သရဖူရှင် နယူးယောက်ပြည်နယ်မယ်က သရဖူကို ချီးမြှင့်ပေးခဲ့ပါတယ်။ အခုနှစ် မယ်ရွေးချယ်တဲ့အဖွဲ့ထဲမှာ ၁၉၈၄ ခုနှစ်က အမေရိကန် လူမည်းမယ်အဖြစ်  ပထမဆုံး မစ်စ် အမေရိကားဆုကို ဆွတ်ခူးခဲ့တဲ့ ဗန်နက်ဆာ ၀ီလီယမ်စ် (Vanessa Williams) လည်း ပါဝင်လာပါတယ်။ ဗန်နက်ဆာဟာ ပထမဆုံး အမေရိကန်လူမည်း မစ်စ် အမေရိကား ဖြစ်ခဲ့ပေမယ့် ကိုယ်လုံးတီး ဓာတ်ပုံရိုက်ကူးမှုနဲ့ သရဖူ ပြန်ရုပ်သိမ်းခံခဲ့ရတာပါ။ ဒါပေမယ့် အခုနှစ်ပြိုင်ပွဲမှာပဲ လက်ရှိ မစ်စ် အမေရိကားအဖွဲ့ရဲ့ စီအီးအိုက သူ့ရဲ့သရဖူကို ပြန်ရုပ်သိမ်းခဲ့မှုအပေါ် ပထမဆုံး ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဗန်နက်ဆာကတော့ သူ့ကို အခုလို တောင်းပန်မယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ပြောဆိုပါတယ်။ မစ်စ် အမေရိကား သရဖူဆုအဖြစ် အမေရိကန်ဒေါ်လာ ၅ သောင်း ရရှိမှာဖြစ်ပြီး ဒုတိယဆုအဖြစ် အမေရိကန်ဒေါ်လာ ၂ သောင်းခွဲကိုတော့ မစ္စစ္စပီပြည်နယ်မယ် ဟန်နာ ရောဘတ်စ် (Hannah Roberts) က ရရှိပါတယ်။ မစ်စ် အမေရိကား မယ်ပြိုင်ပွဲကို အမေရိကန်ပြည်နယ် ၅၀ က အလှမယ်တွေ အပါအ၀င် အမေရိကန်လက်အောက်ခံ ပေါ်တိုရီကိုနဲ့ ၀ါရှင်တန်ဒီစီမြို့တော် အလှမယ်တို့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

More News
Up