Home
မြန်မာသတင်း
မိုင်းပွန်မြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား၊ ရွာသား ၁ ဦးသေဆုံး ၆ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
September 14, 2015
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ်ထဲမှာ အစိုးရတပ်က ရွာထဲကို လက်နက်တွေနဲ့ ပစ်ခတ်တဲ့အတွက် ရွာသား ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရသွားတယ်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ မိုင်းပွန်မြို့နယ် ပါတက်ပ်ရွာမှာ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ရွာသားတွေစုပြီး  ၀ါတွင်းအလှူအတွက် ဆွမ်းဟင်းချက်ဖို့ ပြင်နေတုန်း လက်နက်ကြီးတွေ ကျလာတဲ့အတွက် သေဆုံး ဒဏ်ရာရမှုတွေ ဖြစ်ခဲ့တာလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ  ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ “ဒီမတိုင်ခင်က လွိုင်လင်နဲ့ မိုင်းပွန်အစပ်မှာ ကျနော်တို့တပ်နဲ့ အစိုးရတပ် တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့တယ်။ သူတို့ဘက်က ၃ ယောက် ကျပါတယ်။ နောက်တော့ နယ်မြေရှင်းလင်းရေးဆိုပြီး စစ်ကြောင်းတွေ ထပ်တိုးလာတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို လိုက်ရှာတယ်။ မတွေ့တော့ ရွာပြင်ထဲကနေ ရွာထဲကို စက်သေနတ်တွေ လက်နက်ကြီးတွေနဲ့ ပစ်တာ တိုက်ပွဲအတိုင်းပဲ။ အဲဒီမှာ ၀ါတွင်းအလှူမှာကျွေးဖို့ ဟင်းချက်စရာတွေ ပြင်နေတဲ့ လူကြားထဲကို လက်နက်တွေကျတာ  ရွာသားတယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို တောင်ကြီး စ၀်စံထွန်းဆေးရုံကို ခေါ်သွားတယ်လို့ သတင်းပို့လာပါတယ်။” စက်တင်ဘာ ၇ ရက်နေ့ကလည်း လွိုင်လင်အခြေစိုက် ခလရ ၁၂ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ မိုင်းပွန်မြို့နယ် ၀မ်ထမ့်မိုကျေးအုပ်စုထဲမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က ဗိုလ်ကြီးတဦးနဲ့ ရဲဘော် ၂ ဦး ကျဆုံးကာ ရှမ်းပြည်တပ်မတော်ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။ ဒီတိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဒီဗွီဘီအနေနဲ့  အစိုးရဘက်ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားပေမယ့်လည်း အစိုးရနဲ့ တပြည်လုံး အပစ်ခတ်ရပ် လက်မှတ်ရေးထိုးရေးကိစ္စ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စတွေတော့ ဆက်လက်ဆောင်ရွက်သွားမယ်လို့  ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024