Home
မြန်မာသတင်း
တရုတ်-မြန်မာ ရေအောက်ကေဘယ်လ်လိုင်း ချိုင်းနားယူနီကွန်းကုမ္ပဏီ တည်ဆောက်
DVB
·
September 14, 2015
တရုတ်အစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီ တခုဖြစ်တဲ့ ချိုင်းနားယူနီကွန်း ကုမ္ပဏီဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား ဆက်သွယ်မယ့် ရေအောက်ကေဘယ်လ် ဆက်ကြောင်းလိုင်း တည်ဆောက်နေတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်း နန်နင်းမြို့မှာ ကျင်းပတဲ့ တရုတ်-အာဆီယံ သတင်းအချက်အလက် နည်းပညာဖိုရမ်အပြီး သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ အဲဒီဖိုရမ်ဟာ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား အင်တာနက်နဲ့ နည်းပညာ စက်မှုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ ချိုင်းနားယူနီကွန်း ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှ ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ပူးပေါင်းပြီး ရေအောက် ကေဘယ်လ်ဆက်ကြောင်းလိုင်း တည်ဆောက်မှုလုပ်ငန်းတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ချိုင်းနားယူနီကွန်းအုပ်စု၊ ချိုင်းနားယူနိုက်တက် ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ ဒုတိယအထွေထွေမန်နေဂျာ ဂျန်းကျန်းဇင်က ပြောပါတယ်။ အခုတည်ဆောက်မယ့် ကေဘယ်လ်ဆက်ကြောင်းလိုင်းဟာ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား သတင်းအချက်အလက် စီးဆင်းမှုတွေ မြန်ဆန်လာစေမှာဖြစ်တယ်လို့ သူကပြောပြီး အသေးစိတ် အခြေအနေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ရေအောက်ကေဘယ်လ်ဆက်ကြောင်းလိုင်း တည်ဆောက်မှုဟာ လုပ်ဆောင်နေဆဲ အဆင့်သာရှိပြီး ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၅၀ မီလီယံရှိတယ်လို့ ဂျန်းကျန်းဇင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024