အမျိုးသားသီချင်း သီဆိုခဲ့သည့် တရုတ်နိုင်ငံသား ၄ ဦးကို နာမည်ပျက်စာရင်းသွင်း (ရုပ်သံ)

ဘန်ကောက်လေဆိပ်တခုမှာ စက်တင်ဘာ ၁၁ ရက်နေ့က လေယာဉ်ချိန် ကြန့်ကြာလို့ အမျိုးသားသီချင်း ကို ကျယ်ကျယ်လောင်လောင် သီဆိုပြီး ဆန့်ကျင်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို တရုတ်နိုင်ငံ အမျိုးသားခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဌာနက နာမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ “သူတို့ရဲ့အပြုအမူတွေက ဆိုးဝါးသလို တခြား နိုင်ငံတကာ ခရီးသွားတွေကို အများပြည်သူနဲ့ဆိုင်တဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ လှုံ့ဆော်ရာ ရောက်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ခရီးသည်တွေရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်” လို့ တရုတ်နိုင်ငံ အမျိုးသားခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြပါတယ်။ သူတို့ ၄ ဦး အပါအ၀င် တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂၆၀ ပါဝင်တဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ တရုတ်နိုင်ငံ ချောင်ကျင်းမြို့ကို ဒွန်မောင်း လေဆိပ်ကတဆင့် သွားခဲ့ကြတာပါ။ သူတို့စီးနင်းလိုက်ပါမယ့် အရှေ့တိုင်း ထိုင်းလေကြောင်းလိုင်းဟာ မူလက  ၅ နာရီ ၄၀ မိနစ်မှာ ထွက်ခွာမယ်လို့ ကြေညာထားမယ့် နောက်တနေ့မနက် ၃ နာရီမှ ထွက်ခွာနိုင်တော့မယ်လို့ ရွှေ့ဆိုင်းခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လေကြောင်းလိုင်းကုမ္ပဏီက သူတို့ကို လေယာဉ်ခရီးစဉ် ကြန့်ကြာမှုအတွက် ဟိုတယ်အခန်း စီစဉ်ပေးခဲ့ပေမယ့် ခရီးသည် အယောက် ၃၀ လောက်က လက်မခံခဲ့ဘဲ လေဆိပ်တာဝန်ရှိသူတွေ အနေနဲ့ သူတို့ကို တောင်းပန်ဖို့၊ ဘိုးအင်း-၇၄၇ လေယာဉ်နဲ့ ပြန်ပို့ပေးဖို့၊ လျော်ကြေးငွေ ယွမ် ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၆ ဒသမ ၉) ပြန်ပေးဖို့ အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြတာပါ။ အဲဒီနောက် သူတို့က လေဆိပ်ဝန်ထမ်းတွေကို ထွက်သွားဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး ရုတ်တရက် မထင်မှတ်ဘဲ အမျိုးသားရေးအသွင်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ အင်တာနက်ကွန်ရက် ဝေဘို အသုံးပြုသူ @HuangjiatuolajiSAMA ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြပါတယ်။ သူ့ရဲ့စာမျက်နှာမှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်မှာ တရုတ်နိုင်ငံသား ၃၀ လောက်ဟာ သူတို့ရဲ့ စိတ်ဆိုးဒေါသထွက်မှုတွေကို ပြသဖို့အတွက် တရုတ်နိုင်ငံ အမျိုးသားသီချင်းကို သီဆိုပြီး စုရုံးကြွေးကြော် ချီတက်ခဲ့ကြတာကို တွေ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဗွီဒီယိုဖိုင်နဲ့အတူ ဖော်ပြထားတာက “ထိုင်းနိုင်ငံသားတွေအနေနဲ့ တရုတ်နိုင်ငံသားတွေကို လေးစားပါ” လို့ ဖော်ပြထားခဲ့တာပါ။ @huangxiaoxinyiran အမည်နဲ့ ဝေဘိုအသုံးပြုသူ တယောက်ကတော့ သူ့ရဲ့စာမျက်နှာမှာ “နိုင်ငံတော်သီချင်းကို အသုံးချပြီး လုပ်နေတဲ့ ခင်ဗျားတို့ရဲ့ ရှက်စရာကောင်းတဲ့လုပ်ရပ်ကို ရပ်ကြပါ။ ဒါဟာ ခင်ဗျားတို့ရဲ့ ကိုယ်ကျိုးဆန္ဒအတွက် အသုံးချမှုသက်သက်ပဲ” လို့ ဖော်ပြခဲ့တယ်ကြောင်း သတင်းကဆိုပါတယ်။ အခု နာမည်ပျက်စာရင်းသွင်းခံရတဲ့လူ ၄ ဦးလုံးဟာ စီချွမ်ခရိုင်နဲ့ ချောင်ကျင်းခရိုင်တွေက ဖြစ်ကြပြီး သူတို့ကို ၂ နှစ်ကနေ ၃ နှစ်ထိ နာမည်ပျက်စာရင်း သွင်းထားမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ အမျိုးသားခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဌာနက ပြောပါတယ်။ ရုပ်သံ - စီစီတီဗွီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up