A d v e r t i s e m e n t With Us

ပန်ဂျပ် ပြည်နယ်တွင် ပေါက်ကွဲမှုဖြစ်၊ လူ ၈ ဦးသေဆုံး (ရုပ်သံ)

ပါကစ္စတန်နိုင်ငံ ပန်ဂျပ် ပြည်နယ်ထဲက မူလတန်ဆိုတဲ့မြို့မှာ စက်တင်ဘာ ၁၃ ရက်နေ့က ပေါက်ကွဲမှုတခု ဖြစ်ခဲ့တဲ့အတွက် လူ ၈ ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မော်တော်ဆိုင်ကယ်တစီးက သုံးဘီးတစီးကို ၀င်တိုက်ပြီးနောက် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး မော်တော်ဆိုင်ကယ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ပါတယ်လို့ ရဲအဖွဲ့က ယူဆနေပါတယ်။ အားပြင်းတဲ့ ပေါက်ကွဲမှုကြောင့် တိုက်မိတဲ့ သုံးဘီးသာမက အနားမှာ ရပ်ထားတဲ့ ယာဉ်တွေနဲ့ အနီးအနားက အဆောက်အဦတွေလည်း ပျက်စီးသွားပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံ အမြန်ပို့လိုက်ရပြီး နက်စတာဆေးရုံ ပြောခွင့်ရသူကို ကိုးကားတဲ့ သတင်းတွေအရ လူနာ ၄၃ ဦး ကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ မီးလောင်ဒဏ်ရာကြောင့် တချို့လူနာတွေ ဘယ်သူဘယ်ဝါတောင် ခွဲခြားရ ခက်နေတယ်လို့ ပြောပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ အစောပိုင်းမှာပဲ အနောက်မြောက်ဒေသထဲက ရှာဝယ် တောင်ကြားဒေသမှာ အစိုးရစစ်တပ် ဂျက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်တာမှာ စစ်သွေးကြွ ၁၅ ဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ အဲဒီဒေသဟာ တာလီဘန်တွေ အမာခံနယ်မြေဖြစ်သလို အာဖဂန်နစ္စတန်ဆီကို မှောင်ခိုလမ်းကြောင်းလည်း ဖြစ်ပါတယ်။ အာဖဂနနစ္စတန်နဲ့ နယ်စပ်ဖြစ်တဲ့ မြောက်ဝါဇီရစ္စတန် ဒေသကနေ တာလီဘန်တွေကို ရှင်းလင်းရေး အစိုးရစစ်ဆင်ရေး ၁ နှစ်ကျော်လာပေမယ့် တာလီဘန်တွေဟာ ရှာဝယ် တောင်ကြားဒေသမှာ ခြေကုပ်ယူပြီး ဆက်လက် ခုခံနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up