တိုက်စစ်မှူး အဒီဘာယော ကို စပါးအသင်း ထွက်ခွင့်ပေး

ဓာတ်ပုံ - ရိုက်တာ
1K
တော့တင်ဟမ်ဟော့စပါးကအသင်းက တိုက်စစ်မှူး အဒီဘာယော ကို နှစ်ဘက် သဘောတူ စာချုပ်နဲ့ အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုဂို လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ စပါးစ်အသင်းအတွက် ကစားပေးရခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ယူရိုပါလိဂ်ပြိုင်ပွဲဝင်တဲ့ လူစာရင်းကနေလည်း သူ့ကို ချန်ထားခဲ့ပါတယ်။
စပါးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ အဒီဘာယောရဲ့ အနာဂတ် ကောင်းမွန်ဖို့ ဆန္ဒပြုပါတယ်လို့ ရေးသားထားပါတယ်။
အဒီဘာယောဟာ မန်းစီးတီးကနေ ပေါင် ၅ သန်းနဲ့ ၂၀၁၂ မှာ စပါးကို ရောက်ရှိလာပြီး အဲဒီရာသီမှာ ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
စပါးက တောင်ကိုရီးယား တိုက်စစ်မှူးကို ခေါ်ယူပြီးနောက် အဒီဘာယောအနေနဲ့ ပုံမှန် ကစားခွင့်ရဖို့ အခက်အခဲတွေ ဖြစ်လာပြီး နောက်ပိုင်းမှာ အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။