အရှေ့ဂျေရုစလင်ရှိ ဗလီတွင် ပါလက်စတိုင်း နှင့် အစ္စရေး လုံခြုံရေး ပဋိပက္ခဖြစ် (ရုပ်သံ)

အရှေ့ဂျေရုစလင်က အယ်အခ်စာ (al-Aqsa) ဗလီထဲမှာ ဗလီကို ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းတွေနဲ့ ဗလီထဲ ၀င်ရောက်တဲ့ အစ္စရေး လုံခြုံရေးတွေကြား စက်တင်ဘာ ၁၃ ရက်နေ့က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
ဗလီထဲကို မ၀င်နိုင်အောင် ပါလက်စတိုင်းတွေက အရံအတားတွေနဲ့ ပိတ်ဆို့ထားတဲ့အတွက် ၀င်ရောက်ရှင်းလင်းတာလို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။
ဗလီထဲကို ပစ်ခတ်ဝင်ရောက်လာတဲ့ အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပါလက်စတိုင်းတွေကလည်း ကျောက်ခဲတွေ၊ မီးရှူးမီးပန်းတွေနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။
အခုလို ထိပ်တိုက်တွေ့မှုမျိုး ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
အယ်အခ်စာဗလီဟာ အစ္စလာမ်ဘာသာဝင်တွေအတွက် အထွတ်အမြတ်ဆုံး ဘာသာရေးနယ်မြေ ဖြစ်သလို ဘုရားကျောင်းဝန်း တ၀န်းထဲမှာရှိတဲ့ Temple Mount ဘုရားရှိခိုးကျောင်းဟာလည်း ဂျူးဘာသာဝင်တွေရဲ့ ဘာသာရေး အထွတ်အမြတ်နယ်မြေ ဖြစ်နေတာပါ။
ဒါကြောင့် ဒီဘာသာရေးနယ်မြေအတွင်း ပါလက်စတိုင်းနဲ့ ဂျူးဘာသာဝင်တွေ ဘာသာရေး၊ နိုင်ငံရေး ပဋိပက္ခတွေရဲ့ ဆုံရပ်နယ်မြေ ဖြစ်နေတာပါ။
အစ္စရေးရဲတပ်ဖွဲ့ ပြောခွင့်ရကတော့ အဓိကရုဏ်းတွေ မဖြစ်အောင် ကြိုတင်တားဆီးတဲ့အနေနဲ့ ၀င်ရောက် ရှင်းလင်းတာလို့ ပြောဆိုပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့မှာပဲ ဂျူးဘာသာဝင်တို့ရဲ့ နှစ်သစ်ကူးပွဲတော်ရှိပြီး အဲဒီပွဲတော် မတိုင်ခင်လေးတင်ပဲ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။
ဂျူးဘာသာဝင်တွကို Temple Mount ဘုရားကျောင်းထဲ ၀င်လို့မရအောင် တားဆီးထားတဲ့ မွတ်စလင်အဖွဲ့အစည်း ၂ ဖွဲ့ကို ပြီးခဲ့တဲ့တပတ်က အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပိတ်ပင်ထားတဲ့အတွက် ဂျေရုစလင်မြို့တော်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ နှစ်ဘက်တင်းမာမှုတွေ ပြင်းထန်နေတာပါ။