ဆီးရီးယား မြေပေါ်က အိုင်အက်စ်စစ်ဆင်ရေး သြစတြေးလျလေတပ် စတင်

သြစတြေးလျာ လေတပ်ရဲ့ ဆီရီးယားမြေပေါ်က အိုင်အက်စ်စစ်ဆင်ရေးကို စက်တင်ဘာ ၁၁ ရက်နေ့က ပထမဆုံး စတင်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ အီရတ် မြေပေါ်မှာ နယ်မြေတွေ သိမ်းပိုက်ထားတဲ့ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်အဖွဲ့ကို လေကြောင်း စစ်ဆင်ရာမှာ  ပါဝင်ဖို့ သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အပ်ဘော့က ပြီးခဲ့တဲ့အပတ်က သဘောတူခဲ့တာပါ။ အမေရိကန် ဦးဆောင်ပြီး ညွန်ပေါင်းအဖွဲ့က အီရတ်မြေပေါ်က အိုင်အက်စ်အဖွဲ့တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာတော့ သြစတြေးလျ လေတပ်ဟာ အရင်ကတည်းက ပါဝင်နေတာပါ၊ ဒါပေမယ့် ဆီရီးယား စစ်ဆင်ရေးကတော့ လောင်စာဆီ ဖြည့်ပေးတာနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ စုဆောင်တဲ့ လုပ်ငန်းတွေလောက်နဲ့ပဲ ကန့်သတ်ထားပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ စစ်ဆင်ရေးမှာ သြစတြေးလျ လေတပ်က လေယာဉ် ၂ စီးကို စေလွှတ်ခဲ့ပြီး တစီးက ဗုံးကျဲလေယာဉ်အတွက် ကင်းထောက်ပေးတဲ့ လေယာဉ်ဖြစ်ပြီး၊ နောက်တစီးကတော့ စစ်ဆင်ရေး ကာလအတွင်း တိုက်လေယာဉ်တွေကို ဝေဟင်မှာပဲ လောင်စာဆီ ဖြည့်ပေးနိုင်တဲ့ လေယာဉ်ဖြစ်ပါတယ်။ နှစ်စီးစလုံး လက်နက်တွေကို ထုတ်မသုံးရဘဲ အခြေစိုက်စခန်းဆီကို ပြန်လာနိုင်တယ်လို့ သြစတြေးလျ ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အခုလို စစ်ဆင်ရေးကို ဆီးရီးယားအထိ တိုးချဲ့လိုက်ရတာ အမေရိကန် အစိုးရက အကူအညီတောင်းခံတာကြောင့်လို့ သြစတြေလျ ၀န်ကြီးချုပ် တိုနီအပ်ဘောက ပြောပါတယ်။ တချိန်တည်းမှာ ဆီရီးယားနဲ့ အီရတ်ရဲ့ အိမ်နီးချင်း နိုင်ငံတွေဆီ ရောက်နေကြတဲ့ စစ်ပြေးဒုက္ခသည် ၂ သိန်း ၄ သောင်းအတွက် အကူအညီပေးရာမှာ အသုံးပြုနိုင်အောင် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်ကို သြစတြေးလျက ကတိပြုထားပါတယ်။

More News
Up